နှစ်ဦးသား အချစ်ရေးမှာ သဝန်တိုခြင်းက တွဲကပ် ပါလာတတ်ပါတယ်။ ဘယ်လောက်ပဲ နားလည်ပေးနိုင်တယ် ပြောပြော တချို့သော ကိစ္စတွေမှာ သဝန်တိုခြင်းတွေ ရှိတတ်ကြပါတယ်။
အမြဲတမ်းလိုလို လိုက်ပြီး စစ်ဆေးနေမယ်၊ စိတ်မချ ဖြစ်နေမယ်ဆိုရင် နှစ်ဦးနှစ်ဖက် အဆင်မပြေမှုတွေ ရှိလာနိုင်သလို သဝန်တိုခြင်း မရှိတဲ့ အချစ်ကျတော့လည်း ရေရှည်တည်မြဲဖို့ ခဲယဉ်းပါမယ်။ ဒီလိုအခြေအနေမျိုးမှာ ဘယ်လိုမျိုး စိတ်ထားရမယ် ဆိုတာကို ဝေမျှပေးလိုက်ပါတယ်။
(၁) သဝန်တိုခြင်းက ကောင်းမွန်တဲ့ လက္ခဏာ တရပ်ပါ
ချစ်သူ ရည်းစားတွေကြားမှာ သဝန်တိုခြင်း ရှိလာတာက ကောင်းမွန်တဲ့ အရာတခုပါ။ သင့်ရဲ့ ခံစားချက်ကို တမင်ပြောပြ နေစရာမလိုဘဲ တဖက်သား သိအောင် ပြောပြနိုင်တဲ့ အထိရောက်ဆုံး နည်းလမ်းတခုပါ။ ဒါကြောင့် သဝန်တိုတယ် ဆိုတာမျိုး ခံစားလာရရင် သိမ်းမထားဘဲ ပြောပြပါ။
(၂) တယောက်နဲ့ တယောက် အားပေးပါ
ကိုယ့်ရဲ့ ချစ်သူက တခုခု ဖြစ်နေတဲ့အခါ (သို့မဟုတ်) သဝန်တိုတာမျိုး ဖြစ်နေတဲ့အခါ ငါနဲ့မ ဆိုင်ဘူးလေ၊ ငါဘာမှ မလုပ်ထားဘူး ဆိုတာမျိုးနဲ့ ရှောင်ပြေးနေမယ့်အစား သူစိတ်ခံစားချက် ကောင်းမွန်လာအောင် ဖျောင်းဖျသင့်ပါတယ်။ ဒါဆိုရင် ရေရည်တည်မြဲတဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားနိုင်မှာပါ။
(၃) သဝန်တိုတဲ့အချိန် သပ်သပ်ထားပါ
သင်ဟာ ဘာမဟုတ်တဲ့ကိစ္စကို အချိန်ကုန်ခံ သဝန်တိုနေပြီး တခြားနေရာတွေမှာ အာရုံစိုက်မရ ဖြစ်နေတယ်ဆိုရင် သဝန်တိုတဲ့အရာကို ချရေးပါ။ ပြီးရင်အချိန်ပေးပြီး ထပ်ခါထပ်ခါ စဉ်းစားကြည့်တဲ့အခါ သင်ဖြစ်နေတဲ့အရာဟာ ပြဿနာ မဟုတ်ဘူးဆိုတာ သိသွားပါလိမ့်မယ်။
(၄) မျှော်လင့်ချက်တွေ အနည်းဆုံးထားပါ
သင့်ရဲ့ချစ်သူက သင့်တယောက်တည်းကိုပဲ အချိန်ပေးရမယ်၊ ဘယ်တယောက်ကိုမှ ကြည့်လည်း မကြည့်ရဘူး သဘောမကျရဘူး ဆိုတာမျိုးတွေ မသတ်မှတ်ထားပါနဲ့။ တစုံတယောက် အပေါ်မျှော်လင့်ချက်နဲ့ စည်းမျဉ်းတွေထားတာက သင့်ကို သဝန်တိုစိတ် ပိုဖြစ်စေပါလိမ့်မယ်။
(၅) မှားနေတဲ့ အမူအကျင့်ကို ပြန်လည်သုံးသပ်ပါ
သင့်ချစ်သူရဲ့ Facebook အကောင့်နဲ့ Messenger ခဏခဏ ဝင်ကြည့်တာနဲ့ စစ်ဆေးတာမျိုးကို ရှောင်ပါ။ ဘယ်လောက်ပဲ ကောင်းတဲ့သူ ဖြစ်ဖြစ်သူ့အကြောင်းနဲ့သူ မသိစေချင်တဲ့အရာမျိုးတွေကို အတင်းလိုက် စစ်ဆေးနေတာက သင်တို့ချစ်ခရီးကြား အဖုအထစ် ဖြစ်စေပါတယ်။
(၆) တဖက်သားအပေါ်ယုံကြည်ပါ
သင့်စိတ်ထဲမှာ မရိုးမသား ခံစားနေရတယ်ဆိုရင် ပွင့်ပွင့်လင်းလင်းပြောပြီး ဆွေးနွေးပါ။ သင့်လက်တွဲဖော်က ရိုးသားတယ်ဆိုရင် ယုံကြည်ပေးလိုက်ပါ။ အကြာကြီးတွဲလာတဲ့ သူတယောက်အကြောင်းကို သင့်ထက်ပိုပြီး ဘယ်သူမှ ပိုမသိနိုင်ပါဘူး။
(၇) သစ္စာဖောက် ခံရတယ်ဆိုရင်တောင် သ့င်ဘဝ အဆုံး မသတ်သွားပါဘူး
သဝန်အမြဲ တိုတတ်တဲ့ စုံတွဲတွေက ပြတ်လေ့ပိုများတယ်လို့ အချစ်ရေး အကြံပေး ဒေါက်တာ Leahy က ပြောပါတယ်။ တချိန်လုံးလိုက်ပြီး သဝန်တို စိတ်မချ ဖြစ်နေတာက သင့်ကို လုံးပါးပါးပြီး အမြဲစိတ် မချမ်းသာမှုတွေ ခံစားရစေပါတယ်။ ဘယ်အရာကိုမှ ထိန်းချုပ်ထားလို့ မရပေမယ့် အဲဒီ အရာတွေ မရှိလည်း သင်ဟာ အသက်ဆက်ရှင်နိုင်တယ်ဆိုတာ သတိရပါ။
ကဲ ဒါကတော့ ကိုယ့်ရည်းစားကို အမြဲစိတ်မချတတ်တဲ့ စုံတွဲတွေအတွက် စိတ်သက်သာရာရစေနိုင်မယ့် နည်းလမ်းတွေ ဝေမျှပေးလိုက်ပါတယ်။