Trend

အမေရိကန်ရဲ့ နောက်ဆုံးထုတ် တိုက်ခိုက်ရေး ရေငုပ်သင်္ဘောသစ်

Want create site? Find Free WordPress Themes and plugins.

မကြာသေးမီက ရေချပြီး တပ်တော်ဝင်လာတဲ့ အမေရိကန် စစ်တပ်ရဲ့ နောက်ဆုံးထုတ် တိုက်ခိုက်ရေးသုံး ရေငုပ်သင်္ဘော USS Colorado နဲ့ ပတ်သက်ပြီး ဖော်ပြချက် အရတော့ အခုမော်ဒယ်သစ်မှာ Xbox ဂိမ်းစက်က ထိန်းချုပ်လက်ကိုင် စနစ်မျိုးကို သုံးထားတယ်၊ ဒီစနစ်က လျှပ်စစ်သံလိုက်စွမ်းအင်နဲ့ ထိန်းချုပ်သွားလာမယ့် ရွက်တိုင်ကို ဂိမ်းထဲမှာ ကစားသလိုတောင် အလွယ်လေး ထိန်းချုပ်နိုင်အောင် ပေ့ါပါးတိကျ ကောင်းမွန်တယ် လို့ ဆိုပါတယ်။

ဒီမော်ဒယ်က Virginia တန်းဝင် ရေငုပ်သင်္ဘော တွေထဲမှာ ၁၅ စင်းမြောက် မော်ဒယ် ဖြစ်ပြီး ရေနက်ပိုင်းလည်း ကောင်းကောင်း ငုပ်နိုင်တယ်၊ ကမ်းရိုးတန်းတွေ ကိုလည်း အလွယ်တကူ ချဉ်းကပ်နိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ရေငုပ် သင်္ဘောနဲ့ အတူအထူးတပ်ဖွဲ့ ၇ ဖွဲ့လိုက်ပါမယ်။ ရေငုပ်သင်္ဘောဆိုင်ရာ အထူးတိုက်ခိုက်ရေးတပ်ဖွဲ့၊ ကမ်းတက် အထူးတပ်ဖွဲ့၊ အထူး စစ်ဆင်ရေး အတွက် သယ်ယူပို့ဆောင်ရေး တပ်ဖွဲ့၊ တိုက်ခိုက်ရေး အထူးတပ်ဖွဲ့၊ အထူး ဖွဲ့စည်းထားတဲ့ လျှို့ဝှက် တပ်ဖွဲ့၊ မိုင်းရှင်းလင်းရေး တပ်ဖွဲ့နဲ့ပညာရှင်အဖွဲ့တွေ ပါရှိမှာ ဖြစ်တယ် လို့ ဆိုပါတယ်။

အခုလို ရေငုပ်သင်္ဘောအသစ်ကို သုံးနိုင်လာခြင်းက ရေတပ်အင်အား ခိုင်မာမှုကို ပိုပြီးအားရစရာ ကောင်းစေတယ်လို့ အမေရိကန် ရေတပ်က တာဝန်ရှိသူ ဂျေ ဖရန့်ကလင်ကယ်လ်ဒွဲလ် ဂျူနီယာ(J. Franklin Caldwell Jr.) က ပြောပါတယ်။ ဘယ်လို တာဝန်၊ ဘယ်နေရာဒေသကိုမဆိုအခုသင်္ဘောနဲ့ ရွက်လွှင့်နိုင်ပါပြီ၊ အဖက်ဖက်က ပြည့်စုံကောင်းမွန်တဲ့ မော်ဒယ် ဖြစ်ပြီး အမေရိကန် ရေတပ်ရဲ့ အင်အားဟာ အထင်ကရ အဖြစ်ဆုံးအဆင့်မှာ ဆက်လက် ရပ်တည်နေလာစေပါတယ် လို့လည်း သူက ဆက်ပြောပါတယ်။

အမေရိကန် ရေတပ်ရဲ့ အတွင်းရေးမှူး ရစ်ချဒ်ဗွီ စပင်ဆာ (Richard V. Spencer) ကတော့ ၂၀၁၂ ခုနှစ် ကတည်းက ကော်လိုရာဒိုမှာ အခုမော်ဒယ်ကို စတင် တည်ဆောက်ခဲ့တာ ဖြစ်ပြီး ကုန်ကျစရိတ် ဒေါ်လာ ၂ ဒသမ ၇ ဘီလီယံ ရှိတယ် လို့ ဆိုပါတယ်။

USS Colorado အနေနဲ့ အခုမော်ဒယ် မတိုင်ခင် အမည်တူ အဖြစ် ၁၈၅၈ ကနေ ၁၈၇၆ ခုနှစ်ထိ တိုက်ခိုက်ရေး သင်္ဘောတစီး၊ ၁၉၀၃ ခုနှစ်ကနေ စတင်ပြီး အတ္တလန်တိတ် အတွင်းရော တရုတ်၊ ဂျပန်နဲ့ ဟာဝိုင်ရီတွေမှာပါ သွားလာ အသုံးပြုခဲ့ပြီး ၁၉၂၇ မှာ အနားပေးခဲ့တဲ့ စစ်သင်္ဘောတစီး၊ ၁၉၂၃ ကနေ ၁၉၄၇ ခုနှစ် ထိ အမေရိကန် ရေတပ်မှာ သုံးခဲ့တဲ့ သဘောင်္တွေ အပါအဝင် အခုမော်ဒယ်အထိ ၄ စီးပဲ ရှိသေးတယ် လို့ ဆိုပါတယ်။

အခုမော်ဒယ်ကို SSN 788 ကနေ ဒီဇိုင်းရေးဆွဲပေးတယ်။ တန် ၇၈၀၀ လောက် လေးတယ်၊ ၃၇၇ ပေ ရှည်တယ်၊ ဘေးဘက် အမြင့်အနေနဲ့ အမြင့်ဆုံး ၃၄ ပေ ရှိမယ်။ အသုံးပြုချိန်ကနေ စတင်ပြီး ဆီဖိုးချွေတာနိုင်အောင် ရည်ရွယ်ပြီး နျူကလီးယား စွမ်းအင်သုံး အင်ဂျင်အဖြစ် ဖန်တီးထားတယ်။ အသုံးပြုမယ့် သက်တမ်းတလျှောက် နောက်ထပ် လောင်စာ စွမ်းအား လုံး၀ ထပ်ဖြည့်စရာ မလိုဘူးလို့လည်း ဆိုပါတယ်။ တနာရီ ရေမိုင် ၂၅ မိုင်နှုန်းထိ အမြန်ဆုံး သွားလာနိုင်မယ် လို့လည်း သိရပါတယ်။

အထက်မှာ ပြောခဲ့သလို တပ်ဖွဲ့စုံ ၇ ခုမှာ ရေတပ်သား ၁၃၀ လောက် ပါရှိမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။ ထုတ်လုပ်မှု စရိတ်ကို ခန့်မှန်းချက်ထက် ၂၀ ရာခိုင်နှုန်းလောက် လျော့ကျအောင် ထုတ်လုပ်နိုင်ခဲ့တဲ့ မော်ဒယ်လည်း ဖြစ်ပြီး ထောင်နဲ့ ချီတဲ့ တည်ဆောက်ရေးလုပ်သားတွေရော ချိတ်ဆက် ပစ္စည်းရယူမှုတွေပါ ရယူဖန်တီးထားတာ လို့ သိရပါတယ်။

လက်နက်တပ်ဆင် ပါရှိမှု အပိုင်းမှာ Vertical Launch System ၁၂ ခုထိ ထိုင်ထားတယ်၊ ဒီအမြောက်တွေက ၈၇ လက်မ အရွယ်ရှိပြီး Tomahawk ဒုံးကျည်တွေ ပစ်လွှတ်နိုင်မယ်။ အခု အမြှောက်အထိုင် စနစ်က အရင် ရေငုပ်သင်္ဘောတွေက အထိုင်တွေထက် တည်ဆောက်မှု စရိတ်လည်း ပိုသက်သာပြီး ပစ်ခတ်နိုင်စွမ်း ပိုကောင်းလာတယ် လို့ ရေတပ်တာဝန်ခံ တဦးက ဆိုပါတယ်။

အထူးစစ်ဆင်ရေး လုပ်ဆောင်ချက်တွေမှာလည်း သုံးနိုင်အောင် ဖန်တီးထားသေးတယ် လို့ ဆိုပါတယ်။ လူလိုက်ပါနိုင်တဲ့ တော်ပီဒိုအခန်းတွေ သီးသန့်ပါရှိတယ်။ လိုအပ်တဲ့ နေရာကို လူတွေပါ အမြန်ဆုံး ထည့်သွင်း ပို့လွှတ်နိုင်အောင် ဖန်တီးထား တာလို့ ပြောပါတယ်။

ရွက်တိုင်စနစ်က သံလိုက်အိမ်မြှောင် အားသုံးစနစ်နဲ့ ဖြစ်လာတယ်။ ရွက်တိုင်ပတ်လည်မှာ အဝေးရော အနီးပါ ကြည့်နိုင်မယ့် မှန်ပြောင်းစနစ် အပြင် ရိုက်ကူးရေး ကင်မရာကိုလည်း ထည့်ထားတယ်။ ရွက်တိုင်ကို ထိန်းချုပ်ဖို့ အရင်က လက်ကိုင်ကိုင်းကို သုံးခဲ့ပေမယ့် အခု Xbox ဂိမ်းစက်က ထိန်းချုပ်ခုံ အထိုင်မျိုး ဖန်တီးထားတာ ဖြစ်တယ် လို့ သိရပါတယ်။ ရွက်တိုင်က ၃၆၀ ဒီဂရီအပြည့် လှည့်နိုင်တယ်။ ကင်မရာစနစ်ကလည်း HD နဲ့ ဖြစ်ပြီး ထိန်းချုပ်ခန်းအတွင်းရှိသူ အားလုံး မြင်နိုင်အောင် ဖော်ပြမယ့် စနစ်နဲ့ ချိတ်ဆက်ထားမှာ ဖြစ်ပါတယ်။

ဒီနေ့ခေတ် ရေအောက်ကမ္ဘာကိုလွှမ်းမိုးထားနိုင်မှုက နိုင်ငံတနိုင်ငံရဲ့ ရေတပ်အင်အားကောင်းမွန် တောင့်တင်းမှုရဲ့ အဓိက အချက်ဖြစ်ပြီး နောက်ထပ် ဆယ်စုနှစ် အတွင်းထိ အခုမော်ဒယ်နဲ့ အတူ နိုင်ငံကာကွယ်ရေး အင်အားဟာ အကောင်းဆုံး အနေအထားမှာ ဆက်ရှိနေဦးမှာပါ လို့ စပင်ဆာက ပြောပါတယ်။

Ref: www.businessinsider.com

Did you find apk for android? You can find new Free Android Games and apps.
Loading