ရှာလကာရည်က ဟင်းတွေချက်ပြုတ် ပြင်ဆင်တဲ့နေရာမှာပဲ အသုံးဝင်တာ မဟုတ်ပါဘူး။ တခြား အိမ်မှုကိစ္စတွေမှာလည်း အထောက်အကူ ပြုတယ်လို့ ပြောရင် အံ့သြသွားကြမလား။ တကယ်တော့ ရှာလကာရည်ကို သန့်ရှင်းလုပ်တဲ့ နေရာအပြင် ဆေးဝါးအဖြစ်တောင် အသုံးပြုနိုင်ပါတယ်။
ရှာလကာရည်က တိုက်ချွတ်သန့်စင်တဲ့နေရာမှာ အရမ်းအသုံးဝင်တဲ့ ဆေးကြောရေးပစ္စည်းပါ။ ရေနဲ့ အချိုး တဝက်စီ ရောပြီး သန့်ရှင်းရေးလုပ်တဲ့အခါ အသုံးပြုနိုင်ပါတယ်။ ရှာလကာရည်က တခြား အရောအနှော မပါဘဲ ရိုးရိုး ရှာလကာရည် အကြည်ဖြစ်ရင် ပိုကောင်းပါတယ်။ အိမ်မှုကိစ္စတွေလုပ်တဲ့နေရာမှာ ရှာလကာရည်က ဘယ်လို အကူအညီပေးလဲ ကြည့်ရအောင်။
သင့်မီးဖိုချောင်က ရေဆင်းပိုက်တွေပိတ်နေပြီဆိုရင် ပိုက်သမား အဆောတလျင် မခေါ်လိုက်ပါနဲ့ဦး။ အရင်ဆုံး ရှာလကာရည် တဝက်နဲ့ ဆိုဒါ သုံးအချိုးလေး အတိုင်းရောပြီး ရေဆင်းပိုက်ထဲ လောင်းထည့်လိုက်ပါ။ မိနစ် ၃၀ လောက် ကြာရင် ပိတ်ဆို့နေတဲ့ အညစ်အကြေးတွေ ပျော်ဆင်းသွားပါလိမ့်မယ်။
ရေချိုးခန်း၊ အိမ်သာကြွေပြားတွေ တိုက်ချွတ်ဆေးကြောတဲ့နေရာမှာ ရှာလကာရည်က အကောင်းဆုံးပါပဲ။ တိုက်ချွတ်ရခက်တဲ့ အစွန်းအထင်းတွေကို အလွယ်တကူ ပျက်ပြယ်သွားအောင် စွမ်းဆောင်နိုင်ပါတယ်။ ဒီနေရာမှာ ရိုးရိုးရှာလကာရည်အစား ပန်းသီးရှာလကာရည်ကိုလည်း အသုံးပြုနိုင်ပါတယ်။
အဝတ်တွေလျှော်တဲ့အခါ အဝတ်အစားတွေ နူးညံ့လာအောင် ရှာလကာရည် ၄ ချိုး ၁ ချိုး ထည့်ပြီး လျှော်ကြည့်ပါ။ ပုံမှန်ထက် နူးညံ့ပျော့ပြောင်းသွားတာ တွေ့ရပါလိမ့်မယ်။ တခုသတိထားရမှာက ရှာလကာရည်နဲ့ အစွန်းချွတ်ဆေးဟာ ဓာတ်ပြုနိုင်လို့ အတူ တွဲမသုံးသင့်ပါဘူး။
မီးဖိုချောင်က ကြွေပြားတွေတိုက်တဲ့နေရာမှာလည်း ရှာလကာရည်က မပါမဖြစ်ပါ။ ၅၀၀ မီလီမီတာ ရိုးရိုးရေထဲ ဆန်ပြာမှုန့် ၂.၅ မီလီမီတာရယ်၊ ရှာလကာရည် ၆၀ မီလီမီတာရောပြီး တိုက်ချွတ်ပေးရင် ပြောင်လက် ဝင်းပ လာပါတယ်။ မသန့်ရှင်းဖြစ်လို့ ညစ်ပတ်နေတဲ့ ပြတင်းပေါက် ဘောင်တွေကိုလည်း ရှာလကာရည်နဲ့ တိုက်လိုက်ရင် အသစ်အတိုင်း ပြန်ဖြစ်သွားပါလိမ့်မယ်။
ရှာလကာရည်က အဆီတွေကို ဖယ်ရှားပေးနိုင်စွမ်းရှိပါတယ်။ အဆီတွေနဲ့ပေနှံ့နေတဲ့ အိုးခွက်ပန်းကန်တွေကို အလွယ်တကူ သန့်စင်ပေးနိုင်ပါသေးတယ်။ ရှာလကာရည် ၉ ရာခိုင်နှုန်းလောက် ရောထားတဲ့ရေထဲ ဆီတွေပေနေတဲ့ အိုးခွက်ဒယ်အိုးတွေကို ၂ နာရီ ၃ နာရီကြာ စိမ်ထားလိုက်ရုံနဲ့ အလွယ်တကူ တိုက်ချွတ်နိုင်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – မီးဖိုချောင်သုံးပစ္စည်း ရှာလကာရည်ရဲ့ အသုံးဝင်ပုံ နည်းလမ်း ၅ ခု
Ref: Better Me