မကြာမီ ရောက်ရှိတော့မယ့် သင်္ကြန်ကာလမှာ အပူဒဏ်ကို ကာကွယ်ရင်း အမျိုးသားတို့ ဝတ်ဆင်နိုင်ဖို့ ဖက်ရှင်ကျတဲ့ ဒီဇိုင်းတချို့ကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ရေးသားဖော်ပြပေးမှာ ဖြစ်တယ်။
ဒီနေ့ခေတ်မှာ အမျိုးသားတို့ ဝတ်ဆင်နိုင်ဖို့အတွက် ဖက်ရှင်ဒီဇိုင်းတွေဟာ အမျိုးသမီးတို့နဲ့ တန်းတူ ပထမတန်းမှာ ရောက်ရှိလာခဲ့ပါပြီ။ သင်္ကြန်ကာလဟာ နွေရာသီမှာ ကျရောက်တာ ဖြစ်တဲ့အတွက် အပူဒဏ်နဲ့ ခရမ်းလွန်ရောင်ခြည်သင့်တဲ့ ဒဏ်တွေကနေ ကာကွယ်ပေးဖို့ အဝတ်အစား ဒီဇိုင်းတွေဟာ အမျိုးသားတွေအတွက် လက်တကမ်းအလိုမှာ ရောက်ရှိ နေပါပြီ။
Beret (သံပုရာခွံပုံစံဦးထုပ်)
အခုလိုမျိုး သံပုရာခွံဦးထုပ်ဟာ Trend တခုဖြစ်လာပြီဆိုုတာ နည်းနည်းတော့ ယုံရခက်ပေမယ့် ဒီအချက်ကို ကျော်သွားမယ်ဆိုရင်တော့ ဖက်ရှင် Trend တခုကိုလက်လွတ်သွားနိုင်ပါတယ်။ တကယ်လို့ သင်ဟာ Rap အဆိုတော် Skepta နဲ့ တော်လှန်ရေးခေါင်းဆောင် Che Guevara တို့ကို သဘောကျကြိုက်နှစ်သက်သူ ဆိုရင်တော့ အခုလိုမျိုး ဦးထုပ်မျိုးကို ဝတ်ဆင်နိုင်ပါတယ်။
River Island Style Studio မှ စတိုင်ပညာရှင် Giles Farnham က “Louis Vuitton ကနေ Justin Beiber တို့အထိ ဝတ်ဆင်ကြတဲ့ အမျိုးမျိုးကွဲပြားတဲ့ပုံစံရှိပြီး အဆင့်အတန်းမြင့်တဲ့ ဖက်ရှင်အသုံးအဆောင်ပစ္စည်းအဖြစ် ဗြိတိသျှပေါ့ပ် အဆိုတော်တွေကပါ အဲဒီ သံပုရာ ခွံဦးထုပ်ကို ပရိုမိုးရှင်းလုပ်ပေးနေကြပါပြီ။ အခုလိုမျိုး ပွဲတော်ရာသီအတွင်းမှာတော့ သံပုရာခွံဦးထုပ်ကို ဆောင်ထားမယ်ဆိုရင် လည်ပင်းအနောင်ပိုင်းနဲ့ မျက်နှာကို နေရောင်ခြည်ဒဏ်ကနေ ကာကွယ်ပြီးသား ဖြစ်သွားပါတယ်။
အသားအရေနဲ့ လိုက်ဖက်တဲ့ အဝတ်အစားအရောင်ကို ရွေးပါ
ကိုယ့်အသားအရေ အရောင်အပေါ် မူတည်ပြီး အဝတ်အစား ဝတ်ဆင်ဖို့ဆိုတာ လွယ်တဲ့အလုပ် တခုတော့ မဟုတ်ပါဘူး၊ တကယ်လို့များ သင်ဟာ နက်မှောင်တဲ့အသားအရည်ပိုင်ဆိုင်တယ်ဆိုရင် အဝတ်အစား အရောင်နဲ့ အစပ်အဟပ်မိဖို့ ပိုအရေးကြီးပါတယ်။ အဲဒါမှ မဟုတ်ရင်တော့ အသားအရေနဲ့ အဝတ်အစားနဲ့တလွဲကြီး ဖြစ်နေပါလိမ့်မယ်။
အသားဖြူတဲ့ လူတွေအတွက်ကတော့ ဆန့်ကျင်ဘက် အရောင်မျိုးတွေကို ဝတ်ဆင်နိုင်ပါတယ်။ နွေရာသီမှာ ဝတ်နိုင်မယ့် မီးခိုးရောင် အပေါ်ရုံကုတ်နဲ့ ဆိုရင်တော့ ပင်လယ်ပြာရောင် တီရှပ်နဲ့ လိုက်ဖက်ညီမှာဖြစ်ပါတယ်။
ရှပ်အကျီအစား ဝတ်ဆင်နိုင်သော အဝတ်အစားများ
Camp collar, Cuban collar နဲ့ ပန်းအပွင့်တွေပါတဲ့ ဟာဝိုင်အီ ရှပ်အကျီကတော့ နွေရာသီနဲ့ အလိုက်ဖက်ဆုံး ဖြစ်ပါတယ်။ အခုဆိုရင် အဲဒီ ဟာဝိုင်အီ အကျီလေးတွေက အမျိုးအစား စုံလင်လာပြီး အခုလတ်တလော Trend ထဲမှာတော့ ဇိမ်ခံ အင်္ကျီချန်ပီယံ ဖြစ်ပါတယ်။ လွင့်ပါးတဲ့အထည်သား၊ ဆေးရိုက်ချက်နဲ့ လည်ပင်းပုံစံလေးတွေက စမတ်ကျတာနဲ့ ပုံမှန်စတိုင်တို့ကို ပေါင်းကူးပေးထားပါတယ်။အဖြူရောင် တီရှပ်ပေါ်မှာ မိမိကြိုက်နှစ်သက်တဲ့ ဟာဝိုင်အီအကျီလေး တထည်နဲ့ ခန္ဓာကိုယ်အောက်ပိုင်းမှာ Denim ဘောင်းဘီတိုလေးနဲ့ဆို လန်းသွားမှာ ဖြစ်ပါတယ်။
နေကာမျက်မှန် ဝတ်ဆင်ပါ
နွေရာသီလို ကာလမျိုးဟာ နေကာမျက်မှန် ဝတ်ဆင်ဖို့ အသင့်တော်ဆုံး အချိန်ဖြစ်ပါတယ်။ ဒီဇိုင်နာတွေကလည်း အခုခေတ်မှာတော့ နေကာမျက်မှန်တွေကို ပိုသေးတဲ့ မျက်မှန်ကိုင်း၊ လေးထောင့်ကျတဲ့ မှန်တွေနဲ့ Britpop (၁၉၉၀ ပြည့်လွန် နှစ်များမှာ ခေတ်စားခဲ့တဲ့ ဗြိတိသျှပေါ့ပ်အဖွဲ့များရဲ့ ဒီဇိုင်း) နဲ့ The Matrix ရုပ်ရှင်တွေထဲကလို ပုံစံတွေကို အတုယူလာပါပြီ။
နေကာမျက်မှန် ရွေးချယ် ဝတ်ဆင်နည်း
အရင်ခေတ်က နေကာမျက်မှန် ဖက်ရှင်ခေတ်တခုဟာ အခုပြန်လည် ခေါင်းထောင်လာပြီလို့ မင်းသားကြီး အာနိုးက ပြောကြားခဲ့ဖူးပါတယ်။ မျက်နှာပုံစံပေါ်အခြေခံပြီး လိုက်ဖက်တဲ့ ပုံစံမျိုးကို ဝတ်ဆင်သင့်တာ ဖြစ်ပေမယ့် လူအများစု ကတော့ အလှအပအတွက် ဆိုဒ်ပိုကြီးတဲ့မျက်မှန်တွေကို ဝတ်ဆင်နေဆဲဖြစ်ပါတယ်။ အဓိကကတော့ နေကာမျက်မှန် ဝတ်ဆင်တဲ့အခါ မိမိမျက်နှာနဲ့ လိုက်ဖက်တဲ့ပုံစံရယ်၊ မိမိဝတ်ဆင်ထားတဲ့အဝတ်အစား ပုံစံရယ် ချိန်ညှိပြီး ဝတ်ဆင်ရမှာ ဖြစ်ပါတယ်။
အပေါ်အောက် အရောင်ဆင်တူ ဝတ်ဆင်တဲ့အခါ
တကယ့်လက်တွေ့ဘဝမှာလည်း အပေါ်အောက် အရောင်တူဝတ်ဆင်တာဟာ Trend တခုဖြစ်လာပြီ ဆိုတာ သတိရထားပါ။ အပေါ်ဖြူ၊ အောက်ဖြူ ဝတ်ဆင်တာဟာ နေရောင်ခြည်ကို အပြည့်အဝ ကာကွယ်နိုင်ရုံသာမက လူအများကြားမှာ ထင်ထင်ပေါ်ပေါ် ဖြစ်စေပါတယ်။
အရောင်စပ်အစား အရောင်တူ ဝတ်ဆင်တဲ့အခါ
အဖြူရောင်တခုတည်းသာ မဟုတ်ပါဘူး။ အခြေအနေနဲ့ လိုက်ဖက်တဲ့အရောင်ကို ရွေးချယ်ဆင်မြန်းခြင်းဟာလည်း ပတ်ဝန်းကျင်နဲ့ လိုက်ဖက်ညီစေနိုင်မယ့် ပထမစည်းမျဉ်းတခု ဖြစ်ပါတယ်။ ရုံးသွားရတဲ့အခါမျိုးမှာ ပင်လယ်ပြာရောင်၊ မီးခိုးရောင်နဲ့ အနက်ရောင်တို့ကို ဆင်တူဝတ်တာ ရနိုင်ပေမယ့် ခေါင်းအစ ခြေအဆုံး ပန်းခရမ်းရောင် ဝတ်ဆင်လိုက်မယ် ဆိုရင်တော့ ပတ်ဝန်းကျင်နဲ့ လိုက်ဖက်မညီ သဘာဝမကျ ဖြစ်နိုင်ပြီး အများအမြင်မှာ မျက်စိဆံပါးမွှေး စူးနိုင်ပါတယ်။
နောက်တခုကတော့ အရောင်တူ တွဲဖက်ဝတ်ဆင်ရမယ့် အကျီအဝတ်အစား ပုံစံဖြစ်ပါတယ်။ ဥပမာ သန့်ရှင်းကြည်လင်တဲ့ ပင်လယ်ပြာရောင် ရှပ်အကျီနဲ့ ပင်လယ်ပြာရောင် ဘောင်းဘီရှည်တို့က စတိုင်ကျ လှပစေနိုင်ပါတယ်။
Ref ; fashionbeans