မီလီယံနာလို့ ဆိုတဲ့ သန်းကြွယ်သူဌေး တယောက် ဖြစ်ဖို့ ပျမ်းမျှ အသက်ကတော့ ၃၇ နှစ်လို့ ကမ္ဘာတလွှားက ဒေါ်လာ သန်းကြွယ် သူဌေးတွေရဲ့ အသက်ကို အခြေခံ တွက်ချက်မှု အရ သိရပါတယ်။ ဒီလိုပဲ ဘီလီယံနာလို့ ဆိုတဲ့ သန်းတထောင် ကြွယ်ဝသူ တယောက်ဖြစ်ဖို့ ပျမ်းမျှ အသက်က ၅၁ နှစ် ဖြစ်ပါသတဲ့။ တချို့ တချို့သော ဘီလီယံနာတွေ ကတော့ ငယ်ငယ်နဲ့ ဘီလီယံနာ ဖြစ်ကြတယ် ပေါ့။
ဥပမာ ဒီနေ့ခေတ် ပြည်တွင်း အသုံးအများဆုံး လူမှု ကွန်ရက်စနစ် ဖြစ်တဲ့ Facebook တည်ထောင်သူ ဇူကာဘတ်ဆိုရင် တနှစ် အတွင်းမှာတင် သန်းကြွယ်သူဌေး မီလီယံနာ ဘဝကနေ သန်းတထောင် ချမ်းသာသူ ဘီလီယံနာ ဖြစ်သွားတယ် ပေါ့။ အခု ပြောမှာက လက်ရှိ ကမ္ဘာတလွှားက ဘီလီယံနာတွေနဲ့ ပတ်သက်ပြီး သိကောင်းစရာလေးတွေပါ။ ၂၀၁၈ ခုနှစ် အတွက် အသစ်ထွက်ရှိထားတဲ့ Forbes မဂ္ဂဇင်းရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ၁၀၀ စာရင်းကို အခြေခံယူ ဖော်ပြလိုက်ပါတယ်။
Forbes ရဲ့ ဖော်ပြချက် အရတော့ ဆယ်စုနှစ် တစုပြီးတိုင်း ဘီလီယံနာ ဦးရေ ၂ ဆလောက်ထိ တိုးမြင့်လာတာ တချက်က ကမ္ဘာမှာ လူချမ်းသာ များလာတယ် ဆိုတဲ့ အချက်ကို ပြနေပါတယ်။ လက်ရှိ ကမ္ဘာမှာ မီလီယံနာ ဦးရေ ၁၅ ဒသမ ၂ သန်းထိ ရှိနေပြီး ဘီလီယံနာ ကတော့ ၂၅၀၀ လောက်ပဲ ရှိပါသေးတယ်။ စာရင်းနဲ့ ဖော်ပြနိုင်တာကတော့ ၂၁၂၄ ဦးပါ။
ဒါဟာ ၂၀၀၇ ခုနှစ် အတွင်းက ၈၉၁ ဦးတည်း ရှိရာကနေ ဆယ်စုနှစ် တစု အတွင်း ၃ ဆ နီးပါး တိုးပွားလာတာပါ။ ပျမ်းမျှ အနေနဲ့တော့ ဆယ်စုနှစ် တစုတိုင်း ဘီလီယံနာ ၂ ဆ မြင့်တက်လာမယ် လို့ ယူဆရနိုင်ပါတယ်။
ပျမ်းမျှ မီလီယံနာ ဘဝကနေ ဘီလီယံနာ ဘ၀ ရောက်ဖို့ သူဌေးတွေဟာ အချိန် ၁၄ နှစ်လောက် ယူရတယ် လို့ ဆိုပါတယ်။ ဒါကလည်း ဒေါ်လာ ၁ သန်း ချမ်းသာရင်တောင် မီလီယံနာ ဖြစ်နေပြီမို့ သန်း ၁၀၀၀ ချမ်းသာဖို့ ဆိုတာ ခက်ခဲ့လို့ အခုလောက် အချိန်ယူရတာ ဖြစ်ပါတယ်။
ဘီလီယံနာ ဖြစ်စေတဲ့ အများဆုံး လုပ်ငန်းတွေကတော့ မော်တော်ကား ထုတ်လုပ်မှု၊ တည်ဆောက်ရေးနဲ့ အင်ဂျင်နီယာ၊ ရင်းနှီးမြှပ်နှံရေး လုပ်ငန်း၊ စွမ်းအင်ထုတ်လုပ်ရေး၊ ဖက်ရှင်နဲ့ အရောင်းဆိုင်လုပ်ငန်း၊ ငွေကြေး ဝန်ဆောင်မှု လုပ်ငန်း၊ အစားအသောက်နဲ့ အဖျော်ရမကာ လုပ်ငန်း၊ ကာစီနိုကဲ့သို့ တရားဝင် လောင်းကစားလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်း၊ ကုန်စည်ထုတ်လုပ်ရေး လုပ်ငန်း၊ သတင်းမီဒီယာလုပ်ငန်း၊ သတ္တုတူးဖော် ထုတ်လုပ်ရေး လုပ်ငန်း၊ အဆင့်မြင့် အိမ်ရာ လုပ်ငန်း၊ နည်းပညာ လုပ်ငန်းနဲ့ ဆက်သွယ်ရေး လုပ်ငန်း လုပ်ကိုင်သူတွေဟာ အမြန်ဆုံး မီလီယံနာကနေ ဘီလီယံနာတွေ ဖြစ်နေတယ် လို့ ဆိုပါတယ်။ ဒီထဲမှာ နည်းပညာ လုပ်ငန်း လုပ်ကိုင်သူတွေက အချိန် အတိုဆုံးနဲ့ ဘီလီယံနာ ဖြစ်နိင်ပြီး ပျမ်းမျှ ၇ ဒသမ ၃ နှစ်လောက်ပဲ ပေးရတယ် လို့ ဆိုပါတယ်။
နိုင်ငံ အလိုက် မီလီယံနာကနေ ဘီလီယံနာ အဖြစ် အမြန်ဆုံး နိုင်ငံတွေမှာတော့ မထင်မှတ်ပဲ ရုရှက ဦးဆောင်နေပါတယ်။ ရုရှသား တယောက်ဟာ ဘီလီယံနာ ဖြစ်ဖို့ အချိန် ၉ နှစ်လောက်ပဲ ပေးရတယ် လို့ ပျမ်းမျှ တွက်ချက်ကြည့်မှု အရ သိရပါတယ်။ အမေရိကန်တွေက ၁၄ ဒသမ ၁ နှစ်၊ ဂျပန်က ၁၁ နှစ်၊ တရုတ်က ၉ ဒသမ ၉ နှစ်၊ စသဖြင့် ဘီလီယံနာ အများဆုံး ရှိတဲ့ နိုင်ငံတွေမှာ ဘီလီယံနာ ဖြစ်ဖို့ အချိန်ပေးရမှု ကြာမြင့်ကာလတွေ ကွာခြားတာလည်း တွေ့ရပါတယ်။
ဘီလီယံနာ အများဆုံး မွေးထုတ်ပေးနိုင်တဲ့ တက္ကသိုလ် စာရင်းမှာတော့ ဟားဗတ်က ရှေ့ပြေးနေပါတယ်။ ဟားဗက် ကျောင်းထွက် တယောက်က ကျောင်းပြီးလို့ ပျမ်းမျှ ၄ နှစ်မှာ ဘီလီယံနာ တယောက် ဖြစ်လာနိုင်ခြေ ရှိတယ် လို့ လက်ရှိ ဘီလီယံနာတွေနဲ့ သူတို့ တက်ခဲ့တဲ့ ကျောင်းတွေ အပေါ် အခြေခံ တွက်ချက်မှု အရ သိရပါတယ်။
လက်ရှိ ကမ္ဘာပေါ်က ဘီလီယံနာ ၂၁၂၄ ဦးထဲမှာ ဦး ၃၀ ပဲ ဘွဲ့ရ မပါတာပါ။ ၁၀ ဦးက တက္ကသိုလ် တက်ခဲ့တယ်၊ ကျောင်းထွက်လိုက်လို့ ဘွဲ့မရတာ ဖြစ်ပြီး ကျန် ၂၀ ဦးက တက္ကသိုလ် လုံး၀ မတက်ခဲ့ဘဲ ချမ်းသာနေတာပါ။ အများစုသော ဘီလီယံနာတွေက ဘွဲ့ရတွေပါ။ ဒီအထဲမှာတောင် ဘီလီယံနာ ၁၀၀ တိုင်း ၂၃ ဦးလောက်သော ၂၃ ရာခိုင်နှုန်းက အင်ဂျင်နီယာနဲ့ ကျောင်းပြီး ကြပါတယ်။ ဒါဆိုရင်တော့ အင်ဂျင်နီယာဘွဲ့ရတွေက ဘီလီယံနာ၊ လူချမ်းသာ ဖြစ်ဖို့ နှာ တဖျား သာနေသလိုပါ။
လက်ရှိ အချမ်းသားဆုံး ဂျက်ဖ်ဘီဇိုးစ် (Jeff Bezos) ဆိုရင် ဘီလီယံ ၉၀ လောက် ချမ်းသာတယ်၊ နောက်ပိုင်း စာရင်းတွေ အရ သူဟာ ၁၂၄ ဘီလီယံလောက် ချမ်းသာနေပြီ လို့လည်း ဆိုပါတယ်၊ ဂျက်ဖ်ဘီဇိုးဟာ မီလီယံနာကနေ ဘီလီယံနာ ဖြစ်ဖို့ အချိန် ၂ နှစ် ပေးခဲ့ရတယ်။
သူ့နောက်က Bill Gates ဆိုရင်လည်း ဘီလီယံ ၉၀ ချမ်းသာတယ်၊ ဘီလီယံနာ ဖြစ်လာဖို့ ၅ နှစ်ပေးခဲ့ရတယ်။ Warren Buffett ဆိုရင် ၈၄ ဘီလီယံ ချမ်းသာပြီး ၂၆ နှစ် အချိန်ပေးခဲ့ရတယ်။ လက်ရှိ ဘီလီယံနာတွေထဲမှာ အမြန်ဆုံး ဘီလီယံနာ ဖြစ်သူကတော့ Facebook တည်ထောင်သူ ဇူကာဘတ် ဖြစ်ပြီး ၁ နှစ် အတွင်း ဘီလီယံနာ ဖြစ်ခဲ့တာပါ။ ။
www.businessinsider.com