အမေရိကန်စစ်တပ်က တိုက်လေယာဉ်တွေထက် လေယာဉ်မှူးလည်း လိုက်ပါ စရာ မလိုအပ်တဲ့ Drone တွေကို လေကြောင်း တိုက်ပွဲတွေမှာ အဓိက အသုံးပြုဖို့ ဦးတည်ဖန်တီးလာတာ တွေ့ရပါတယ်။ အခုလည်း ဒရုန်းအသစ် တမျိုးကို အောင်မြင်စွာ ဖန်တီးနိုင်ပြီ လို့ စစ်ဘက်ရေးရာ သတင်းတွေ အရ သိရပါတယ်။
ဒီဒရုန်းမော်ဒယ်သစ်ကို အမည် ပေးထားခြင်း မရှိသေးပေမယ့် သေချာတာက အခု မော်ဒယ်သစ်ဟာ ရန်သူ့ရဲ့ စက်တပ်ယာဉ်တွေကို ခြေရာခံနိုင်မယ်၊ လူပါဝင်မှု ရှိ၊ မရှိကိုပါ အလိုအလျောက် အာရုံခံနိုင်မယ် လို့ ဆိုပါတယ်။
AI လို့ ဆိုတဲ့ Artificial Intelligence ခေါ် မှတ်ဉာဏ်တု စနစ်ကို အသုံးပြုပြီး အခု မော်ဒယ်ကို ဖန်တီးထားတာ လို့ သိရပြီး လူတယောက်ရဲ့ တွေးတောပုံ အတိုင်း ဒရုန်းရဲ့ ဗဟို မှတ်ဉာဏ်စနစ်က လုပ်ဆောင် အာရုံခံနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိမှာ MQ-9 Reaper လို မော်ဒယ်တွေ ဖန်တီး အသုံးပြုနေပြီ ဖြစ်ပေမယ့် လေယာဉ်မှူး လိုက်ပါဖို့ မလိုသည့်တိုင်အောင် နောက်ခံ ထိန်းချုပ်မှု စနစ်ကိုတော့ လူသားကပဲ ထိန်းချုပ်နေရာတာ ဖြစ်ပါတယ်။
လက်နက်နဲ့ ဒုံးကျည် ပစ်ခတ်မှုတွေကိုလည်း ထိန်းချုပ်သူကပဲ လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။ အခု မော်ဒယ်သစ်မှာ တော့ လူက ထိန်းကျောင်းပေးဖို့ မလိုအပ်တော့ဘဲ ဒရုန်း ကိုယ်တိုင်က ဆုံးဖြတ် ပစ်ခတ်မှု လုပ်ဆောင်နိုင်လာမှာ ဖြစ်တယ် လို့လည်း ဆိုပါတယ်။
ဒါပေမယ့် အခုလို လူလုံး၀ ထိန်းချုပ်မှု မပါတဲ့ စနစ်နဲ့ ဒရုန်းကို ပညာရှင် တချို့ကတော့ သဘောမကျကြပါဘူး။ အမှားယွင်း တခုခု ရှိတာနဲ့ ထိန်းချုပ်မှု လွတ်သွားနိုင်ပြီး မှားယွင်းမှုတွေ ဖြစ်လာစေနိုင်တာကြောင့်ပါ။ ဒါပေမယ့် အမေရိကန်စစ်တပ်က တော့ အခုလို ကိုုယ်ပိုင် မှတ်ဉာဏ်စနစ်နဲ့ မော်ဒယ်ကို အောင်မြင်အောင် ဖန်တီးပြီး ဖြစ်တယ် လို့ ကြေငြာလာပါပြီ။
အမေရိကန်စစ်တပ်က ဆုံးရှုံးမှုတွေ ရှိလာမယ် ဆိုရင်တောင် လူသား လေယာဉ်မှုးတွေ ဆုံးရှုံးရစရာ မရှိနိုင်တော့လို့ တိုက်ခိုက်ရေး လုပ်ငန်းတွေမှာ အခု မော်ဒယ်ကို အားကိုုးရလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ ဒါပေမယ့် အခု မော်ဒယ်ကို ဖန်တီးသူတွေ၊ နည်းပညာပိုင်း ထည့်သွင်းသူတွေ အနေနဲ့တော့ ဝန်ပိုပိလာစေပြီး မှန်ကန်တဲ့ အချက်အလက်တွေကို ထည့်သွင်းပေးမှ ဒရုန်းက လမ်းကြောင်းမှန်ပေါ်ကနေ ရန်သူကို တိုက်ခိုက် အောင်မြင်မှာလည်း ဖြစ်ပါတယ်။
အခု မော်ဒယ်မှာ ထူးခြားချက် တခု အနေနဲ့ ဒရုန်းရဲ့ မှတ်ဉာဏ် စနစ်မှာ ရန်သူနဲ့ မိတ်ဆွေ ခွဲခြားနိုင်မယ့် အာရုံခံစနစ် ပါရှိမှာ ဖြစ်ပြီး ဘယ်သူ့ကိုပဲ တိုက်ခိုက်ရမယ် ဆိုတာ အာရုံခံနိုင်လာမယ်လို့ ဆိုပါတယ်။ အထူးသဖြင့်တော့ ရန်သူ့ နယ်အတွင်း တိုက်ခိုက်ရေး ယာဉ်တွေပေါ်က လက်နက်ကိုင် ရန်သူတွေကို အဓိက ခွဲခြား တိုက်ခိုက်မှု လုပ်ဆောင်နိုင်လာမှာ ဖြစ်တယ် လို့ ဆိုပါတယ်။
လူသားနဲ့ ထိန်းချုပ်တဲ့ ဒရုန်းတွေမှာ ဗဟိုထိန်းချုပ်ရေး အပိုင်းက ထိန်းချုပ်သူရဲ့ ဆုံးဖြတ်ချက်အပေါ်မှာ မူတည်ပြီး ဒရုန်းက လိုက်ပါ ပစ်ခတ် လုပ်ဆောင်တာ ဖြစ်ပေမယ့် တခါတလေမှာ အချိန်ကြာ တာဝန် ထမ်းဆောင်တာတွေနဲ့ ဆုံးဖြတ်ချက် လွဲမှားမှု အားနည်းချက်တွေကိုလည်း အခု ဒရုန်းအသစ်က ကိုုယ်တိုင် ဆုံးဖြတ်နိုင်ပြီး ထည့်သွင်း မှတ်ဉာဏ်စနစ် အတိုင်း လုပ်ဆောင်မှာ ဖြစ်လို့ အမှားနည်းလာနိုင်တယ် လို့လည်း ဆိုပါတယ်။
အခု မော်ဒယ် ဖန်တီး အောင်မြင်မှု သတင်းနဲ့ ပတ်သတ်ပြီးအမေရိကန် စစ်တပ်ကတော့ သဘောကျနေပေမယ့် လူမဲ့ တိုက်ခိုက်ရေးယာဉ် အသုံးပြုမှုကို သဘောမကျတဲ့ အဖွဲ့အစည်းပိုင်းက ရော်နယ်အာကင် (Ronald Arkin) တို့လို သူတွေ ကတော့ ဝေဖန်ချက်တွေ ထုတ်လာတာလည်း တွေ့ရပါတယ်။
ရိုနယ်အာကင်က လက်ရှိ လူသား အသုံးပြု တိုက်ခိုက်မှုတွေ အတွက် မှားယွင်းချက် ရှိခဲ့ရင် ဆုံးဖြတ်ချက် ချသူကို အပစ်ပေးမယ်၊ တကယ်လို့ လူသားမဲ့ ဒရုန်းကို သုံးမယ်၊ မှားယွင်းမှု ရှိခဲ့ရင် ဘယ်သူ့ကို အပစ်ပေးမှာလဲ၊ ဘယ်သူ တာဝန်ယူမှာလဲ ဆိုတဲ့ မေးခွန်းမျိုး မေးလာတာလည်း တွေ့ရပါတယ်။
ဖန်တီးသူတွေကတော့ ထည့်သွင်း မှတ်ဉာဏ်အတိုင်း ဒရုန်းက လိုက်ပါ လုပ်ဆောင်စေဖို့ သေချာ ဖန်တီးထားတယ် လို့ ပြန်ဖြေတာ တွေ့ရပါတယ်။ ပညာရှင် တချို့ကတော့ မှတ်ဉာဏ် ထည့်သွင်းထားသည့် တိုင်အောင် ရှုပ်ထွေးတဲ့ အခြေအနေ တရပ်မှာတော့ ဆုံးဖြတ်ချက် မှန်ကန်အောင် ချမှတ် ပစ်ခတ် နိုင်ဖို့ ဆိုတာ အခု ဒရုန်း အတွက် စိန်ခေါ်မှု အကြီးစား ဖြစ်လာနိုင်ပြီး အမေရိကန် စစ်တပ်ရဲ့ လူသားမဲ့ အာရုံခံစနစ်ပါ အခု ဒရုန်းသစ်ကို သုံးဖို့ ထောက်ခံမှု သိပ်မရှိတာလည်း တွေ့ရပါတယ်။
Ref: www.businessinsider.com