သင်ဟာ ဘယ်လို အရာမျိုးမှာမဆို မေ့လျော့ပြီး အဆင်မပြေဖြစ်သလို ခံစားနေရတယ်ဆိုရင် သင့်ရဲ့အမူအကျင့်တွေကို ပြောင်းလဲသင့်နေပါပြီ။ စနစ်တကျ နေထိုင်တဲ့သူက အမှားနည်းပြီး စမတ်ကျ နေတတ်တာမို့ လူအများရဲ့ လေးစားသဘောကျခြင်းကို ခံရပါတယ်။
သင်ကိုယ်တိုင်က စည်းစနစ်တကျ နေထိုင်တတ်ချင်တယ်ဆိုရင် အောက်ပါ အချက် ၈ ချက်ကို လိုက်နာကျင့်သုံး နေထိုင်ကြည့်ဖို့ တိုက်တွန်း လိုက်ပါတယ်။
(၁) ပန်းတိုင် သတ်မှတ်ပါ
စည်းစနစ်ကျသူတွေက မလုပ်ခင် ကြိုတင်တွေးတောပါတယ်။ ဘာတွေ လုပ်တော့မယ်၊ ဘယ်လို အကောင်အထည် ဖော်မယ်၊ ဘယ်လို အဆုံးသတ်ရမယ်ဆိုတာကို ကြိုတင်စဉ်းစားပြီး ပန်းတိုင်သတ်မှတ်ထားပါတယ်။
(၂) စာရင်းလုပ်ပါ
ဘာတွေလုပ်ရမယ် ဆိုတာတွေအတွက် အမြဲစာရင်း ပြုစုထားပါ။ အသေးအဖွဲတွေကအစ စာရင်းပြုစုထားမယ်ဆိုရင် မေ့လျော့တာမျိုး လုံးဝ မဖြစ်တော့ဘူးပေါ့။
(၃) ပြက္ခဒိန်ဆောင်ပါ
ဖုန်းထဲမှာထက် အိမ်က စာကြည့်စားပွဲ (သို့မဟုတ်) အမြဲမြင်နေရတဲ့ နေရာတခုမှာ ပြက္ခဒိန်ထားပြီး လုပ်ဆောင်ရမယ့် အရာတွေကို အမြဲစစ်ဆေးပါ။
(၄) အရေးကြီးတာကို ရွေးချယ်တတ်ပါစေ
အရေးကြီးဆုံးအရာကနေ ဖြည်းဖြည်းချင်း အလုပ်တွေကို ပြီးမြောက်အောင် လုပ်ပါ။ ဒါက သင့်ကို အလုပ် မပြီးသေးလို့ စိတ်ဖိစီးမှုကနေ ကင်းဝေးစေပါလိမ့်မယ်။
(၅) မရှုပ်ပွပါစေနဲ့
သင့်ရဲ့အခန်းမှာပဲ ဖြစ်ဖြစ်၊ စားပွဲမှာပဲ ဖြစ်ဖြစ် မရှုပ်ပွအောင် ထိန်းသိမ်းပါ။ ရှုပ်ပွနေတဲ့ မြင်ကွင်းကို တွေ့နေရတယ်ဆိုရင် သင်ကိုယ်တိုင်လည်း စိတ်တည်ငြိမ်မှု မရှိသလို အပြည့်အဝ အာရုံစူးစိုက်နိုင်မှာ မဟုတ်ပါဘူး။
(၆) အနားယူပါ
စည်းစနစ်ကျသူတွေက ပျော်ဖို့အတွက် အချိန်တကူးတက သတ်မှတ်စရာ မလိုပါဘူး။ သင်အလုပ်လုပ်ရတာ ရှုပ်ထွေး လာတဲ့အခါ ခဏလောက် အနားယူပြီး ဝါသနာပါတာ တခု လုပ်ကြည့်လိုက်ပါ။
(၇) ရိုးရှင်းပါစေ
သင့်ဘဝအတွက် အရေးမပါဘဲ ရှုပ်ထွေးစေတဲ့ အရာတွေကို ခေါင်းထဲက ဖယ်ရှားပါ။ အိမ်အလုပ်၊ ရုံးအလုပ်တွေ အများကြီးကို ခေါင်းထဲ လိုက်စဉ်းစားပြီး စိတ်ရှုပ် မခံပါနဲ့။
(၈) အလေ့အကျင့်ကောင်း မွေးမြူပါ
သင်ဟာ စာဖတ်ရတာ ပျင်းတဲ့သူဆိုရင် အချိန်ပေးပြီး သဘောကျတဲ့ စာအုပ်လေးတွေ ဖတ်တဲ့အကျင့်ကို မွေးမြူပါ။ ဒါ့အပြင် လေ့ကျင့်ခန်းနဲ့ ယောဂကျင့်ခြင်းစတဲ့ ကိုယ်ခန္ဓာအတွက် အကျိုးရှိစေမယ့် အလေ့အကျင့်ကောင်း မွေးမြူပါ။
အထက်ပါ အချက်တွေကို လိုက်နာကျင့်သုံးပြီး ဖရိုဖရဲ ဖြစ်နေတယ်လို့ ထင်ရတဲ့ သင့်ကိုယ်သင် နေထိုင်မှုပုံစံ အရင်ဆုံး ပြောင်းလဲကြည့်လိုက်ပါ။