Facebook အမှုဆောင်အရာရှိချုပ် Mark Zuckerberg က ကမ္ဘာပေါ်မှာအကြီးမားဆုံးအွန်လိုင်းလူမှုကွန်ရက်ကို အသုံးပြု နေကြတဲ့ လူသန်းပေါင်းများစွာအတွက် ချစ်သူရှာဖွေပေးမယ့် ဝန်ဆောင်မှုတခုကို စတင်တော့မှာ ဖြစ်တယ်လို့ မေ ၁ ရက် မှာ ပြောကြားလိုက်ပါတယ်။
ဝန်ဆောင်မှုကိုပေးအပ်ဖို့ ဆယ်စုနှစ်ခုကျော်ကြာ စဉ်းစားခဲ့ပြီးနောက် မကြာခင်စတင်တော့မယ့် အဲဒီဝန်ဆောင်မှုဟာ အသက်ငယ်ရွယ်တဲ့ သုံးစွဲသူတွေကြား Facebook ရဲ့ နာမည်ကျော်ကြားမှုကို ပြန်လည် တည်ဆောက်တဲ့နေရာမှာ ကူညီ ပေးနိုင်မှာဖြစ်ပြီး သုံးစွဲသူတွေကို သူတို့ရဲ့ လူမှုကွန်ရက်ထဲ မကြာခဏ လာရောက်လည်ပတ် စေဖို့ ပြုလုပ် ပေးနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
Facebook ရဲ့နှစ်ပတ်လည် F8 ကွန်းဖရင့်မှာ ဆော့ဖ်ဝဲလ် Developer တွေကို Zuckerberg က “ တကိုယ်တည်းသမား (Single) ဆိုပြီး စာရင်းသွင်းထားတဲ့လူ သန်း၂၀၀ လောက် Facebook မှာရှိပါတယ်၊ ဒါကြောင့် အဲဒီ့အတွက် တခုခု လုပ် ပေးဖို့ လိုနေပြီဆိုတာ ရှင်းပါတယ်” လို့ ပြောကြားခဲ့ပါတယ်။ အဲဒီသတင်းကြောင့် Facebook ရဲ့ ရှယ်ယာဈေးနှုန်း ၁ ဒသမ ၁ ရာခိုင်နှုန်း (ဒေါ်လာ ၁၇၁ ဒသမ ၈၆) အထိ တက်သွားခဲ့ပြီး အွန်လိုင်း ကြင်ဖော် ရှာဖွေပေးရေး ဝန်ဆောင်မှု ထောက်ပံ့သူတွေရဲ့ စိတ်ဝင်စားမှုကိုလည်း ခံလာရပါတယ်။
Facebook ကို စတင်အသုံးပြုခွင့်ရတဲ့ ၂၀၀၄ ခုနှစ် ဖေဖော်ဝါရီ လကစလို့ ပထမဆုံးအနေနဲ့ အသုံးပြုသူတွေဟာ အဲဒီ့လူမှုကွန်ရက်ထဲမှာ သူတို့ရဲ့ အချစ်ရေးအခြေအနေကို ထုတ်ဖော် ပြောကြားနိုင်ကြ ပြီလည်း ဖြစ်ပါတယ်။ Facebook ဟာ လက်တွဲဖော်ရှာဖွေရေးဝန်ဆောင်မှုကို Privacy ကို အလေးပေးပြီး တည်ထောင်နေတယ်လို့ Zuckerberg က ပြောဆို ထားပါတယ်။ အခုလိုမျိုး လက်တွဲဖော်ရှာဖွေပေးရေး ဝန်ဆောင်မှုကြောင့် လူအများ Facebook ကို အသုံးပြုချိန် တိုးမြင့်လာနိုင်ပြီး Match Group Inc လိုမျိုး ယှဉ်ပြိုင်ဖက်များအတွက် ပြဿနာကြီးတခုဖြစ်လာနိုင်တယ်လို့ Atlantic Equities မှလေ့လာသူ James Cordwell ကဆိုပါတယ်။
Tinder နဲ့ OkCupid တို့လိုမျိုး နာမည်ကျော် မိုဘိုင်းလက်တွဲ ဖော်ရှာဖွေရေး ဝန်ဆောင်မှု App ပိုင်ရှင် Match က သူတို့ရဲ့ App ဟာ ကမ္ဘာလုံးဆိုင်ရာ လက်တွဲဖော်ရှာဖွေရေးမှာ ဦးဆောင်သူ ဖြစ်တယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် အခုလိုမျိုး လက်တွဲဖော်ရှာဖွေရေးဝန်ဆောင်မှု ကဏ္ဍထဲကို Facebook က ဝင်ရောက်လာတဲ့အတွက် ဒီကဏ္ဍထဲမှာ အဲဒီလိုမျိုး App တွေကို ဘယ်လို သုတ်သင်တော့ မယ်ဆိုတာကို မြင်တွေ့ရတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
၂၀၁၇ ခုနှစ်၊ နှစ်ပိုင်းပိုင်းမှာ သုံးစွဲသူတွေဟာ တနေ့ကို နာရီပေါင်း သန်း ၅၀၀ လောက် အချိန်ကုန် နေကြရတယ်လို့ ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ ပြောဆိုထားပါတယ်။ အခုလိုမျိုး လက်တွဲဖော်ရှာဖွေရေး နယ်ပယ်ဘက်ကို ချဲ့ထွင်လာတဲ့ အတွက် အဲဒီလုပ်ငန်းဘက်က ဦးဆောင်သူတွေရဲ့ ရှယ်ယာတွေ ကမောက်ကမ ဖြစ်ကုန်ပါတယ်။ Match Group Inc ရဲ့ ရှယ်ယာတွေဟာ ၂၂ ရာခိုင်နှုန်းလောက် ကျဆင်းသွား ပါတယ်။ Match Group ရဲ့ မူရင်းမိခင်ကုမ္ပဏီ IAC ကတော့ ၁၇ ရာခိုင်နှုန်းလောက် ရှယ်ယာဈေး ကျသွားပါတယ်။ JDate နဲ့ ChristianMingle တို့ပိုင်ဆိုင်တဲ့ Sparks Networks ကတော့ ၇ ဒသမ ၃ ရာခိုင်နှုန်းလောက်ကျသွားခဲ့ပြီး ၀ ဒသမ ၈ ရာခိုင်နှုန်းပြန်တက်လာခဲ့ပါတယ်။
F8 ကွန်းဖရင့်ရဲ့ ဖန်သားမျက်နှာပြင်မှာတော့ အဲဒီဝန်ဆောင်မှုရဲ့ ရှေ့ပြေးပုံစံကို ဖော်ပြထားပြီး Facebook App ရဲ့ ညာဘက်ထိပ်မှာ အသည်းပုံသဏ္ဍာန်နဲ့ ပြသထားပါတယ်။ အဲဒါလေးကို ဖိလိုက်မယ်ဆိုရင် သုံးစွဲသူတွေဟာ သူတို့ကိုယ် တိုင် ဖန်တီးထားတဲ့ လက်တွဲဖော်ရှာဖွေရေးပရိုဖိုင်ဆီ ရောက်သွားမှာ ဖြစ်ပါတယ်။ အဲဒီဝန်ဆောင်မှုမှာ ဆိုရင် ဖြစ်နိုင်ချေ ရှိတဲ့ လက်တွဲဖော်တွေကို ထောက်ခံဖော်ပြပေးထားမှာ ဖြစ်ပြီး ဘုံသူငယ်ချင်းတွေထဲက နီးစပ်ရာတွေကိုလည်း ပြသပေး မှာ ဖြစ်တယ်လို့ ကြေညာချက်တခုမှာ ဖော်ပြထားပါတယ်။
အခုပွဲကို တက်ရောက်လာကြတဲ့သူတွေအတွက် ရှေ့ပြေးပုံစံကို ဆောက်လုပ်ထားတာဖြစ်ပြီး အခြား တက်ရောက်လာသူ တွေကို ရှာဖွေနိုင်ပြီး စာတိုလည်း ပေးပို့နိုင်ပါတယ်။ ကာလကြာရှည် လက်တွဲကြမယ့် ကြင်ဖော်တွေကို ရှာဖွေဖို့ ပြုလုပ် ထားတာဖြစ်ပြီး အပျော်တွဲလိုသူတွေအတွက် ရည်ရွယ်တာ မဟုတ်ဘူး လို့ Zuckerberg ကဆိုပါတယ်။ မကြာခင် မိတ်တ်ဆက်တော့မှာ ဖြစ်တယ်လို့ ပြောပေးမယ့် တိကျတဲ့ ရက်ကိုတော့ ထုတ်ဖော် ပြောကြားခဲ့တာ မရှိပါဘူး။ အသေး စိတ်အချက်အလက်တချို့ကိုတော့ လာမယ့်လ အနည်းငယ်အတွင်းမှာ ထုတ်ပြန်မယ်လို့ Facebook ရဲ့ ထုတ်ကုန်အရာရှိ အကြီးအကဲ Officer Chris Cox က သီးခြားပွဲတခုမှာ ပြောကြားခဲ့ပါတယ်။
indiatimes