ချစ်သူရည်းစားထားတယ်ဆိုတာ တခါတလေစိတ်ရှုပ်ရပါတယ်။ အမြဲနီးကပ်ပြီး အတူတူရှိနေတော့လည်း ငြီးငွေ့ သလိုခံစားရပေမဲ့ ဂရုမစိုက်ဘဲ ပစ်ထားတာမျိုးကျတော့လည်း ပိုဝေးကွာ လာတတ်ပါတယ်။ ဒါကြောင့် ချစ်သူ ကောင်လေးက ဂရုမစိုက်ပစ်ထားတယ်လို့ ခံစားနေရတဲ့အချိန်မှာ ဟိုတွေးဒီတွေးနဲ့ စိတ်ဒုက္ခမရောက်စေဖို့ အောက်ပါ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။
သင့်ကောင်လေးကို အချိန်ပြည့်တွေ့ချင်နေတဲ့ အကျင့်ကို ပြင်ပါ။
သူ့ဆီကို မက်ဆေ့ချ်တွေအများကြီး ပို့တာမျိုး၊ တနာရီအတွင်းမှာပဲ ဖုန်းကို သုံးခါလောက်ခေါ်တာမျိုးတွေ လုပ်နေမိတဲ့အကျင့်ရှိလားဆိုတာ ပြန်သုံးသပ်ပါ။ သင်က တအားကို သူ့အပေါ်မှာ မှီတွယ်လွန်းနေတာ မကောင်းပါဘူး။ သူ့အတွက် ကိုယ်ပိုင်အချိန်လေးတော့ ပေးထားလိုက်ပါ။
သူ့ဘက်ကိုတွေးပေးပါ။
သူ့ဘက်က အမြဲဖုန်းမဆက်နိုင်တဲ့အခါ အလုပ်တွေရှုပ်နေတာမျိုး၊ နေမကောင်းတာမျိုး၊ အရေးကြီးကိစ္စရှိနေတာမျိုးတွေ ဖြစ်နိုင်ပါတယ်။ (အမြဲလိုလို ဖုန်းမဆက်ဘူးဆိုရင်တော့ တမျိုးတဖုံဖြစ်နိုင်ပေမဲ့ တခါတလေဆိုရင်တော့ နားလည်ပေးသင့်ပါတယ်။)
အများကြီးမစဉ်းစားပါနဲ့။
မိန်းကလေးအများစုက အဆက်အသွယ်မရတဲ့အခါ ခေါင်းထဲမှာ အတွေးမျိုးစုံနဲ့ ကိုယ့်ကိုယ်ကိုစိတ်ဒုက္ခပေးတတ်ကြပါတယ်။ ပွင့်ပွင့်လင်းလင်းမေးမြန်းတာမျိုးမရှိဘဲ စိတ်ထဲကြိတ်ခံစားတာမျိုး မလုပ်ပါနဲ့။
မေးမြန်းပါ။
သူ့ဘက်ကဘာကြောင့်အဆက်အသွယ်ပြတ်နေရသလဲ ပွင့်ပွင့်လင်းလင်းမေးပါ။ သူ့အပေါ်သံသယစိတ်တွေနဲ့ မမေးမိဖို့တော့ သတိပြုပါ။
လျှောက်လည်ဖို့ စီစဉ်ပါ။
နှစ်ဦးသားဝေးတာကြာလာတဲ့အခါ သွေးအေးသွားတတ်တာကြောင့် အပြင်တူတူသွားတာမျိုး၊ ခရီးထွက်တာမျိုး၊ ညစာစားတာမျိုးလေးတွေ ပြန်လုပ်ကြည့်ပါ။ ဒါမှသွေးအေးနေတဲ့ သင်တို့နှစ်ယောက်ကြား သံယောဇဉ်အမှတ်တရတွေ ပြန်လည်ချည်နှောင်နိုင်မှာ ဖြစ်ပါတယ်။
ကဲ ချစ်သူက ပစ်ထားလို့ စိတ်ဒုက္ခရောက်မနေဘဲ ဒီလိုမျိုးလေးတွေလုပ်ကြည့်မယ်ဆိုရင် သင့်ရဲ့ အချစ်ရေးက အဆင်ပြေနေမှာပါ။