အသုံးများလာတဲ့ လက်သန့်စင်ဆေးရည်တွေက တကယ်ပဲ ပိုးမွှားတွေကို ရာနှုန်းပြည့် သန့်စင်ပေးနိုင်လား။ စာရေးသူ ကိုယ်တိုင် အစားမစားခင်နဲ့ အစားစားပြီးတွေမှာ လက်သန့်စင်ဆေးရည်ကို သုံးတတ်ပါတယ်။ လက်ကို ရေနဲ့ အလွယ်တကူ ဆေးဖို့ မဖြစ်နိုင်တဲ့ အခါမျိုးတွေ သုံးကြတာပါ။
အခုခေတ် တော်တော်များများရဲ့ လက်ကိုင်အိတ်လေးတွေမှာ လက်သန့်စင်ဆေးရည်ဘူးလေးတွေ ချိတ်ထားတတ်သလို ဘယ်နေရာမဆို အလွယ်တကူ ဝယ်နိုင်လို့လည်း အသုံး တွင်ကျယ်လာတာပါ။
အမေရိကန် ဆေးဝါးအဖွဲ့ကြီးရဲ့ လေ့လာတွေ့ရှိချက်အရ လက်သန့်စင်ဆေးရည်နဲ့ သန့်စင်ထားသူတွေမှာ ပလက်စတစ်နဲ့ အစားအသောက် ထည့်တဲ့ဘူးတွေကနေထွက်တဲ့ အဆိပ်တမျိုးဖြစ်တဲ့ BPA (Bisphenol-A) ကိုယ်တွင်းစိမ့်ဝင်မှု ၁၀ ဆခန့် ပိုများတယ်လို့ ဆိုပါတယ်။
အကြောင်းရင်းကတော့ လက်သန့်စင်ဆေးရည်တွေမှာပါတဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့ Isopropyl myristate နဲ့ Propylene glycol တို့က အရေပြားပေါ်က အပေါက်တွေကို ဖွင့်ပေးလိုက်သလိုဖြစ်ပြီး BPA ကိုယ်တွင်း စိမ့်ဝင်နိုင်အောင် လမ်းဖွင့် ပေးလိုက်သလိုဖြစ်သွားတာပါ။
BPA အဆိပ်ဓာတ်တွေ ကိုယ်တွင်းဝင်ရောက်မှု လျော့နည်းချင်ရင် ပလက်စတစ်တွေ၊ အစားအသောက်ထည့်တဲ့ ဘူးတွေနဲ့ အီလက်ထရောနစ်ကဒ်တွေ မကိုင်ခင် လက်သန့်စင်ဆေးရည် အသုံးမပြုသင့်ပါဘူး။ လက်သန့်စင် ဆေးရည်ဘူးတွေ ပေါ်မှာတော့ ပြင်ပကပိုးမွှားတွေကို ၉၉.၉ ရာခိုင်နှုန်းထိ သန့်စင်ပေးနိုင်တယ်လို့ ကြော်ငြာ ထားပေးမယ့် သတိမမူမိကြတဲ့ အန္တရာယ်တွေလည်း ရှိနေပါတယ်။
လူ့ကိုယ်ခန္ဓာထဲကို နေ့စဉ်ဝင်ရောက်နေတာ BPA အဆိပ် တမျိုးတည်း မဟုတ်ပါဘူး။ အချိန် စက္ကန့်အမျှ ထောင်ပေါင်း များစွာသော ပိုးမွှားအဆိပ်တောက်တွေက ပတ်ဝန်းကျင်က တဆင့် ကိုယ်ခန္ဓာထဲ ဝင်ရောက်နိုင်တာမို့ ပြန်လည် တိုက်ထုတ်နိုင်အောင် ကိုယ်ခံစွမ်းအားကောင်းဖို့လိုပါတယ်။
ကိုယ်ခံစွမ်းအား ကောင်းစေဖို့ဆိုရင် အိပ်ရေးဝဝ အိပ်ပြီး စိတ်ဖိစီးမှု နည်းအောင် နေပါ။ အရက်၊ ဆေးလိပ် မသောက်ပါနဲ့။ အားရှိစေမယ့် အစိမ်းရောင် အသီးအရွက်၊ အသီးအနှံ၊ အစေ့အဆန်တွေ စားပေးပါ။ ပုံစံမမှန်တဲ့ ကိုယ်အလေးချိန် လျော့ချနည်းတွေနဲ့ ရာသီဥတုဒဏ်တွေက သင့်ကိုယ်ခံစွမ်းအားတွေကို လျော့နည်းစေတာမို့ သတိပြုကာကွယ်ပေးဖို့ လိုအပ်ပါတယ်။
Ref: Emma Deangela