ကမ္ဘာ့ပထမဆုံး ရေပေါ်နိုင်ငံကို ပစိဖိတ်သမုဒ္ဒရာအတွင်းက တဟီတီကျွန်းအနီးမှာ စတင်တည်ဆောက်နေပြီ ဖြစ်ပြီး၊ လာမယ့် ၂၀၂၂ ခုနှစ်အတွင်း စတင်ဖွင့်လှစ်သွားဖို့လျာထားကြောင်း CNBC သတင်းဌာနက ဖော်ပြထားပါတယ်။
“Floating Island Project” လို့ နာမည်ပေးထားတဲ့ ရေပေါ်ကျွန်းနိုင်ငံ စီမံကိန်းကို ပြင်သစ် ပိုလီနီးရှား အစိုးရ၊ Seasteading Instudide နဲ့ Blue Froniters အဖွဲ့အစည်းတို့က ပူးပေါင်းအကောင်အထည် ဖော်နေတာ ဖြစ်ပြီး PayPal တည်ထောင်သူ Peter Thiel က အမေရိကန်ဒေါ်လာ သန်း ၅၀ မတည်ပေးထားပါတယ်။
တခြား ရင်းနှီးမြှုပ်နှံသူတွေ၊ အလှူရှင်တွေကလည်း “Vayron” cryptocurrency ကနေ တဆင့် ဒီစီမံကိန်းမှာ ရန်ပုံငွေ ထည့်ထားကြတယ်လို့သိရပါတယ်။ စီမံကိန်း ပြီးဆုံးသွားပါက လူနေအိမ်ခြေ ၃၀၀ အပါအဝင်၊ ဟိုတယ်၊ စားသောက်ဆိုင်၊ ရုံးခန်းနဲ့ တခြား အဆောက်အဦတွေ ပါဝင်တဲ့ ရေပေါ်နိုင်ငံ တနိုင်ငံ ဖြစ်လာမှာပါ။
ဒါ့အပြင် ယခု ရေပေါ်နိုင်ငံကို ကိုယ်ပိုင်အစိုးရနဲ့ အုပ်ချုပ်သွားမှာဖြစ်ပြီး၊ ငွေကြေးစနစ်ကိုလည်း “Vayron” ဆိုတဲ့ ကိုယ်ပိုင် cryptocurrency တမျိုး အသုံးပြုသွားမှာ ဖြစ်တယ်လို့သိရပါတယ်။
“ဒီပရောဂျက်ကို ပိုလီနီးရှားကျွန်းစုအနီးမှာ ဘာလို့လုပ်ဆောင်နေရလဲဆိုတော့ ဒီကျွန်းစုဟာ သန္တာကျောက်တန်းပေါ်မှာ တည်ရှိနေတဲ့ မြေဖြစ်ပြီး၊ တဖြည်းဖြည်း မြင့်တက်လာတဲ့ ပင်လယ်ရေ အမှတ်နဲ့အတူ ကွယ်ပျောက်သွားနိုင်တဲ့ အန္တရာယ်ရှိ ကျွန်းစုတခု ဖြစ်ပါတယ်။ ဒီ ပထမဆုံး ရေပေါ်ကျွန်းနိုင်ငံ ပြီးဆုံးသွားပြီဆိုရင် နောက်ထပ်ကျွန်းစုတွေ အများကြီး ဖန်တီးမယ့် အစီအစဉ်အတွက် လုံလောက်တဲ့ အတွေ့အကြုံလည်း ရှိလာမှာပါ” လို့Floating Island Project မှာ ပါဝင်လုပ်ဆောင်နေတဲ့ နိုင်ငံရေးသိပ္ပံနှင့် သုတေသနပညာရှင် Nathalie Mezza-Garcia က အင်တာဗျူးမှာ ဖြေကြားခဲ့ပါတယ်။
ရေပေါ်နိုင်ငံအတွင်းက အဆောက်အဦတွေကို ဟင်းသီးဟင်းရွက်တွေ စိုက်ပျိုးထားတဲ့ “အစိမ်းရောင်ခေါင်မိုး” တွေနဲ့ ခြုံလွှမ်းထားမှာ ဖြစ်ပြီး၊ ဆောက်လုပ်ရေးလုပ်ငန်းတွေကို ပြင်သစ်ပိုလီနီးရှား ဒေသထွက် ဝါး၊ အုန်းချည်မျှင်၊ သစ်သားနဲ့ Recycle ပြုလုပ်ထားတဲ့ သတ္တု၊ ပလတ်စတစ်တို့ကို အသုံးပြုပြီး တည်ဆောက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။
လူနေအိမ် မဟုတ်တဲ့ အဆောက်အဦတွေကိုတော့ စီးပွားရေးစင်တာတွေအဖြစ် အသုံးပြုသွားမှာဖြစ်ပြီး၊ ကုမ္ပဏီတွေ အနေနဲ့ အစိုးရစည်းမျဉ်း စည်းကမ်းဘောင်တွေ အပြင်ဘက်ကနေ လွတ်လပ်စွာ အလုပ်လုပ်နိုင်မှာ ဖြစ်တယ်လို့ သိရပါတယ်။
Floating Island Project ကို ဦးဆောင်နေတဲ့ Seasteading Institute က ယခု စီမံကိန်းဟာ အပြည်ပြည်ဆိုင်ရာ ရေပိုင်နက်ထဲမှာ ကိုယ်ပိုင်ဥပဒေတွေနဲ့ အုပ်ချုပ်လည်ပတ်တဲ့ ရေပေါ်နိုင်ငံ တနိုင်ငံကို ဖန်တီးဖို့ဖြစ်ပြီး၊ “လူသားတွေကို နိုင်ငံရေးသမားတွေ ရန်ကနေ လွတ်လပ်ရေး ပေးနိုင်ဖို့” ရည်ရွယ်ချက်နဲ့ ဖြစ်ပါတယ်လို့ ဆိုထားပါတယ်။