မိုးရာသီရောက်တော့မှာ ဆိုပေမယ့် အခုချိန်ရဲ့ အပူရှိန်က အရမ်းကို ပြင်းထန်နေပါသေးတယ်။ ဒီလိုပူပြင်းတဲ့ ရာသီဥတုမှာ ကိုယ်ဝတ်ဆင်ထားတဲ့ အဝတ်အစားက အဆင်မပြေရင် သက်သောင့်သက်သာ မရှိဘဲ ချွေးတွေစိုရွှဲပြီး ကျန်းမာရေးပါ ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် ပူပြင်းတဲ့ ရာသီဥတုမှာ ဘယ်လိုဖက်ရှင် ပုံစံလေးတွေ ဝတ်ဆင်ရမလဲဆိုတာ ပြောပြပေးချင်ပါတယ်။
(၁)အင်္ကျီလက်ရှည် ပါးပါးလေးတွေက နေအပူဒဏ်ကိုလည်း ကာကွယ်ပေးသလို ချွေးထွက်တာကိုလည်း သက်သာ စေပါတယ်။ လက်ရှည်ဆိုပေမယ့်အထူသားတွေ မဟုတ်ဘဲ လက်ရှည်ကို ချည်ထည်လို ပါးပါးလေးတွေ ဝတ်ဆင်ရမှာပါ။ အဲ့လို ချည်ထည်တွေကို အောက်က ဘောင်းဘီအပါး အရှည်နဲ့ တွဲဖက်ဝတ်ဆင်လိုက်ရင် စတိုင်ကျပြီး အပူဒဏ်ကိုလည်း ကာကွယ်ပြီးသား ဖြစ်ပါလိမ့်မယ်။
(၂) အရောင်နုလေးတွေကို ဒီလိုရာသီမှာ ရွေးချယ်ဝတ်ဆင် သင့်ပါတယ်။ အဖြူရောင်တွေကတော့ အပူဒဏ်ကို သက်သာစေပါတယ်။ အရောင်နုဆိုပြီး ကျပ်နေတာမျိုးတွေတော့ ရှောင်စေချင်ပါတယ်။ ဒီလို အကျပ်တွေ ဝတ်ခြင်းဖြင့် ချွေးထွက်ကာ ဝတ်ထားသူကို အသက်ရှူ ကျပ်စေပါတယ်။ ချည်ထည် အရောင်နု ခပ်ပွပွလေးတွေကို ရွေးချယ်ခြင်းဖြင့် ဖက်ရှင်လည်းကျ သက်သောင့်သက်သာလည်း ရှိစေမှာပါ။
(၃) အချို့က ဂါဝန် ဝတ်ဆင်ရတာကို ပိုနှစ်သက်ကြပါတယ်။ ဒါဆိုရင်တော့ ချည်ထည်ကို တီရှပ်ပုံစံ ဂါဝန်လို ချုပ်ထားတာတွေကို ဝတ်ဆင်သင့်ပါတယ်။ အပွင့်ဒီဇိုင်း ဂါဝန်လေးတွေလည်း လှပပြီး လွပ်လတ်မှုလည်းရှိ အပူလည်းသက်သာ စတိုင်လည်းကျနေမှာပါ။
(၄) အနက်ရောင်က စတိုင်ကျတယ်။ ဝတ်ဆင်တဲ့သူကို ပိန်တယ်လို့ ထင်ရပေမယ့် နေပူထဲမှာဆို အပူစုပ်လို့ အပူလွန်ပြီး စတိုင်မကျဘဲ ချွေးထွက်လွန်နိုင်ပါတယ်။ အနက်ရောင်ဆို ချည်ထည်ကအစ မဝတ်ဖို့ အကြံပေးချင်ပါတယ်။ နွေရာသီမှာ အနက်ရောင် အထည်တွေကို ခဏလောက် သိမ်းထားလိုက်ပါ။