ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက်တွေမှာဆိုရင် ဘာတွေလုပ်ဖို့ စဉ်းစားထားကြလဲ။ ဒီတခါမှာတော့ အတွဲရှိသူတွေ အချိန်ကုန်ဆုံး နိုင်မယ့်နည်းလမ်းတွေ ပြောပြပေးမယ်နော်။ တခါ ချိန်းလည်း ဘယ်သွားလို့ သွားရမှန်းမသိ ခေါင်းခဲနေတဲ့ စုံတွဲတွေအတွက် Romantic (စိတ်ကူးယဉ်ဆန်ဆန်) ပိတ်ရက်ကို ဖြတ်သန်းနိုင်မယ့် နည်းလမ်းတွေ ဝေမျှ လိုက်ရပါတယ်။
(၁) အိမ်မှာ အချိန်ကုန်ဆုံးပါ
သူနဲ့ ကိုယ်နဲ့ နှစ်ယောက် အိမ်မှာ ရုပ်ရှင်အတူ ကြည့်တာမျိုး၊ ဟင်းချက်စားတာမျိုး လုပ်ကြည့်ပါ။ တယောက်အကြောင်း တယောက် အေးဆေးစကား ပြောရင်း ရည်မှန်းချက်တွေ ဖလှယ်တာမျိုး၊ ဂိမ်းတခုခုကို အတူဆော့တာမျိုးလည်း လုပ်လို့ ရပါသေးတယ်။ ဒါက အပြင်သွားတာထက် စိတ်ဖိစီးမှုနည်းစေပြီး တယောက်အကြောင်း တယောက် ပိုနားလည်စေပါတယ်။
(၂) သင်တန်းအတူ တက်ပါ
ဒါကလည်း နှစ်ယောက်အတူရှိဖို့ ဖန်တီးစရာ မလိုဘဲ အမြဲမြင်နေတွေ့နေနိုင်တဲ့ နည်းလမ်းပါ။ နှစ်ယောက်လုံးက ရည်မှန်းချက် ကိုယ်စီရှိတယ်၊ အချစ်ရေးအတွက် တကူးတက အချိန်မဖြုန်းချင်ဘူး ဆိုုသူတွေအတွက် အဆင်ပြေစေမယ့် အချက်တခုပါ။
(၃) ပတ်ဝန်းကျင်ကို စူးစမ်းကြည့်မယ်
သင့်ပတ်ဝန်းကျင်မှာ ဘယ်လိုလှုပ်ရှားမှုတွေ ရှိနေသလဲ ဆိုတာမျိုးလေ့လာပါ။ ဥပမာ -ပန်းချီပြပွဲ၊ Free Show စတဲ့ ပွဲတွေ ရှိတယ်ဆိုရင် ချစ်သူနဲ့အတူသွား လေ့လာတာမျိုးလည်း လုပ်လို့ရတယ်။
(၄) ညစာ အတူစားပါ
နှစ်ယောက်သား ဆိုင်ကောင်းကောင်းမှာ ညစာ အတူစားတာမျိုး လုပ်ပါ။ တယောက်တလှည့်ဆီ ကိုယ့်အကြိုက် ဆိုင်ကောင်းကောင်းမှာ ညစာ အတူစားရင်း စကားစမြည် ပြောတာကလည်း Romantic ဆန်စေပါတယ်။ အထူးသဖြင့် အစားကောင်း ကြိုက်ပါတယ်ဆိုတဲ့ စုံတွဲတွေအတွက်တော့ ဒီလိုနည်းလမ်းကို ခဏခဏ သုံးလိမ့်မယ်ထင်ပါတယ်။
ကဲ… ဒါဆိုရင် ဒီတပတ် ပိတ်ရက်ကိုတော့ ဒီလိုနည်းလမ်းလေးတွေနဲ့ ဖြတ်သန်းကြည့်ပါဦး။