သင့်အနေနဲ့ အဖြူရောင် Sneaker ဖိနပ်လေးတွေကို စီးရတာ ကြိုက်နှစ်သက်ပေမယ့် ညစ်ပေလွယ်တာကြောင့် သိပ်မစီးဖြစ်ဘူး ဆိုရင်တော့ ဒါတွေကို ဖြေရှင်းပေးမယ့် နည်းလမ်းကောင်းလေးတွေ ရှိပါတယ်။
အစွန်းချွတ်ဆေးတွေ အသုံးပြုခြင်းဟာ အခန့်မသင့်ရင် အဖြူရောင် Sneaker တွေကို အရောင်ပြောင်းစေနိုင်တာကြောင့် အစွန်းချွတ်ဆေးတွေ အသုံးမပြုဘဲ အဖြူရောင် ရှုးဖိနပ်တွေကို ပြန်လည်ဖြူဖွေးစေမယ့် နည်းလမ်းကောင်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) သံပုရာသီးနှစ်လုံးကို အရည်ညှစ်ပြီး ယူထားတဲ့ သံပရာရည်အနည်းငယ်နဲ့ ရေခပ်နွေးနွေးအနည်းငယ်ကို ရောစပ် ထားတဲ့ အရည်ထဲကို အဖြူရောင် ရှုးဖိနပ်ထည့်ပြီး တညခန့် ရေစိမ်ထားပြီးမှ ပွတ်တိုက်သန့်ရှင်းပေးပါ။ ပြီးရင်တော့ ရေခပ်နွေးနွေးနဲ့ ဆေးကြောပေးပြီး အခြောက်ခံထားလိုက်ရုံနဲ့ ဖြူဖွေးတောက်ပြောင်စေမှာ ဖြစ်ပါတယ်။
(၂) နေရောင်ခြည်ဟာ ဖိနပ်ပေါ်က ညစ်ပေနေတဲ့ အစွန်းအထင်းတွေကို ပြန့်မသွားအောင် တားဆီးပေးနိုင်ပြီး သန့်ရှင်းရေး ပြုလုပ်ရ လွယ်ကူစေနိုင်တာကြောင့် ညစ်ပေနေတဲ့ အဖြူရောင် ရှုးဖိနပ်တွေကို နေပူပူမှာ ခြောက်သွေ့နေအောင် လှမ်းပြီးမှ ပန်းကန်ဆေး ဆပ်ပြာဆီနဲ့ ရေနွေးအနည်းငယ်ကို အသုံးပြုပြီး တိုက်ချွတ်ပေးခြင်းအားဖြင့် သန့်ရှင်းတောက်ပြောင် စေနိုင်ပါတယ်။
(၃) မုန့်ဖုတ်ဆိုဒါ အနည်းငယ်ကို ရေခပ်နွေးနွေးနဲ့ ရောစပ်ပြီး ဆေးကြော သန့်စင်ပေးခြင်းအားဖြင့်လည်း သင့်ရဲ့ အဖြူရောင် ရှုးဖိနပ်တွေကို ပြန်လည်တောက်ပစေမှာ ဖြစ်ပါတယ်။
(၄) အိမ်မှာ အလွယ်တကူ ရှိတဲ့ သွားတိုက်ဆေး အနည်းငယ်ကို သွားပွတ်တံ အဟောင်းတခု အသုံးပြုပြီး အဖြူရောင် ရှူးဖိနပ်တွေကို ပွတ်တိုက်ဆေးကြော ပေးခြင်းအားဖြင့်လည်း ပြန်လည် ဖြူဖွေးတောက်ပြောင်စေနိုင်ပါတယ်။
Ref : treehugger.com