ဆေးပုလင်းတွေ၊ မုန့်ဘူးတွေနဲ့ ဖိနပ်ဘူးတွေထဲမှာ ပါလေ့ရှိတဲ့ Silica Gel အထုပ်လေးတွေကို တွေ့ဖူးကြမယ် ထင်ပါတယ်။ ဒီအထုပ်လေးတွေရဲ့ အပေါ်က “Do Not Eat” နဲ့ “Throw Away” ဆိုတဲ့ စာတမ်းတွေကြောင့် အန္တရာယ်ရှိမယ်ထင်ပြီး လွှင့်ပစ်တတ်ကြပါတယ်။ ဒါပေမယ့် ဒီ Silica Gel အထုပ်လေးတွေကို အသုံးပြုလို့ရတဲ့ နေရာတွေများစွာရှိတာကြောင့် Silica Fel အထုပ်လေးတွေရဲ့ အသုံးဝင်ပုံတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) အပင်စိုက်ဖို့အတွက် သိမ်းဆည်းထားတဲ့ သစ်စေ့တွေနဲ့ မျိုးစေ့တွေကို အစိုပြန်ခြင်းကနေ ကာကွယ်စေဖို့အတွက် Silica Gel အထုပ်လေးတွေကို သစ်စေ့နဲ့ မျိုးစေ့တွေထည့်ထားတဲ့ ဘူးထဲမှာ ထည့်ပြီးသိမ်းဆည်းထားနိုင်ပါတယ်။
(၂) မျက်နှာသုတ်ပုဝါတွေ၊ စောင်တွေနဲ့ အိပ်ရာအသုံးအဆောင်ပစ္စည်းတွေကို ဗီရိုထဲကြာကြာ ထည့်သိမ်းထားတဲ့အခါ မှိုအနံ့လိုမျိုး အနံ့အသက် မကောင်းတာမျိုး ဖြစ်တတ်ပါတယ်။ ဒီလိုမျိုးတွေ မဖြစ်စေဖို့ Silica Gel အထုပ်လေးတွေကို ဗီရိုထဲထည့်ပြီး သိမ်းဆည်းထားနိုင်ပါတယ်။
(၃) ခရီးသွားတဲ့အခါ သယ်သွားလေ့ရှိတဲ့ ခရီးဆောင်အိတ်နဲ့ မိတ်ကပ်အသုံးအဆောင်ပစ္စည်းတွေ ထည့်တဲ့ Make Up Box ထဲကို Silica Gel အထုပ်လေးတွေကို ထည့်ပေးမယ်ဆိုရင် အနံ့အသက် ကင်းပြီး ခြောက်သွေ့နေစေမှာ ဖြစ်ပါတယ်။
(၄) သင့်ရဲ့ တန်ဖိုးရှိလှတဲ့ ငယ်ဘဝက ဓာတ်ပုံဟောင်းတွေနဲ့ စုဆောင်းထားတဲ့ ဓာတ်ပုံတွေ မပျက်စီးစေဖို့အတွက် ဓာတ်ပုံ ထည့်ထားတဲ့ဘူးထဲကို Silica Gel အထုပ်ငယ်လေးတွေကို ထည့်ထားပေးခြင်းအားဖြင့် ဓာတ်ပုံတွေဆေးသား ကွာပြီး ပျက်စီးခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
(၅) စာအုပ်အဟောင်းတွေနဲ့ အရေးကြီးတဲ့ စာရွက်စာတမ်းတွေ သိမ်းဆည်းတဲ့အခါ အစိုပြန်ပြီး အနံအသက် မကောင်းတာ မျိုးတွေ မဖြစ်စေဖို့ Silica Gel အထုပ်လေးတွေကို ထည့်ထားပေးနိုင်ပါတယ်။
(၆) တူ၊ ပလာယာ၊ ဝက်အူလှည့် အစရှိတဲ့ အိမ်အသုံးအဆောင်ပစ္စည်းတွေထည့်တဲ့ Tool Box ထဲကို Silica Gel အထုပ်လေးတွေ ထည့်ထားပေးခြင်းဖြင့် သံချေးတက်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်။
Silica Gel အထုပ်ငယ်လေးတွေဟာ အရာဝတ္ထုတွေကို ခြောက်သွေ့စေနိုင်တဲ့ အစွမ်းရှိပြီး စားသုံးမိရင် အန္တရာယ်ဖြစ်စေ နိုင်တာကြောင့် ကလေးငယ်တွေနဲ့ ဝေးဝေးထားဖို့တော့ လိုအပ်ပါတယ်။
Ref : www.ba-bamail.com