မိုးရာသီကိုလည်း ရောက်ပီဆိုတော့ ပျိုမေတွေ ဖက်ရှင်ကျအောင် ဝတ်ချင်ရင်တောင် ဝတ်ရတာ အဆင်မပြေဘူး ဆိုပြီး စိတ်ညစ်တတ်ကြပါတယ်။ ဒါ့အပြင် မိုးမိတဲ့ အခါမျိုးမှာလည်း အဝတ်အစားတွေ စိုရွှဲပြီး စတိုင်ပျက်ရတာမျိုးတွေလည်း ရှိတတ်ကြပါတယ်။
ပထမဆုံး သတိပေးချင်တာကတော့ မိုးရာသီမို့ ကိုယ်သွားမယ့် နေရာ မရောက်ခင် မိုးမိ၊ မိုးစိုတာမျိုးကတော့ အနည်းအများ ဖြစ်တတ်တာကြောင့် အဝတ်အစား အပို ထည့်သွားတာ၊ အလုပ်မှာ တစုံ အပိုထားတာမျိုး မဖြစ်မနေ ပြင်ဆင်သင့်ပါတယ်။ ဘယ်လိုဖက်ရှင်တွေ မိုးရာသီမှာ ဝတ်ဆင်သင့်လဲဆိုတာ ပြောပြပေးပါမယ်။
မိုးရာသီကတော့ Layer လေးတွေ ထပ်ဝတ်တာ အလိုက်ဖက်ဆုံးပါပဲ။ မိုးမရွာတာနဲ့ ပူလာတာပဲဆိုတော့ ပြန်ချွတ်ထားလို့ လည်း ရှိုးမပျက်သွားဘူးပေါ့။ ဒါတွေက ဘောင်းဘီနဲ့ ပေါ့ပေါ့ပါးပါး ဝတ်သွားလည်း စတိုင်ကျသလို အခုခေတ်စားနေတဲ့ စကတ်အကားလေးတွေ၊ ဂါဝန်လေးတွေပေါ်ကနေ ထပ်ဝတ်လည်း မိုက်တာပါပဲ။

ဂျင်းကွာတားလေးတွေကလည်း မိုးရာသီမှာဆို အဆင်ပြေပါတယ်။ အပေါ်က တီရှပ်လေးနဲ့အောက်က ဂျင်းအတိုနဲ့လည်း တမျိုးတော့ မိုက်နေမှာ အသေအချာပါပဲ။ ဂျင်းကို ကွာတားပုံမျိုး ဝတ်သလိုပဲ စကတ်ကိုလည်း သိပ်တိုတာ မရွေးပါနဲ့။
စကတ်ဆိုရင် လေတိုက်တဲ့အခါ မလန်အောင် ဘောင်းဘီစကတ်တွေ၊ ဒူးလောက် အရှည်တွေ၊ Tight Skirt မျိုးတွေ ရွေးဖို့ အကြံပေးချင်ပါတယ်။ သိပ်တိုတာတွေ ဝတ်မယ် ဆိုရင်လည်း အောက်က Stocking ခံဝတ်တာ ပိုကောင်းပါတယ်။
Body Fit လက်ရှည်အင်္ကျီတွေကလည်း ဒီရာသီနဲ့ ကွက်တိပါပဲ။ တထပ်တည်းနဲ့ နွေးနွေးလေး ဖြစ်လို့ သဘောကျစရာပါ။ ခေါက်သိမ်းထားခဲ့ရတဲ့ Hoodieတွေ၊ Pullover တွေ အခြား ခေါင်းစွပ်ဆွယ်တာ၊ အကျီလက်ရှည်တွေ ပြန်ထုတ်ပြီး တနေ့ တမျိုး ဝတ်ပစ်လိုက်ပါ။ မိုးကရွာပေမယ့် သိပ်အေးတာကြီး မဟုတ်တာကြောင့် ပါးပါးလက်ရှည် ချည်ထည်လက်ရှည်တွေက ပူတတ်တဲ့ သူတွေအတွက်လည်း အဆင်ပြေစေမှာပါ။
ကိုယ်က မိုးကာအင်္ကျီတွေ ဝတ်ရတာ သဘောကျတယ်ဆိုရင်တော့ မိုးကာအင်္ကျီတွေထဲမှာမှ ဒီဇိုင်းသစ်လေးတွေ ဝယ်ထားပါ။ ဒါ့အပြင် ခုနောက်ပိုင်း ခေတ်စားလာတဲ့ Holographic ပလတ်စတစ်လို အကြည်ဒီဇိုင်း အပေါ်ထပ်တွေ၊ ဂျက်ကတ်တွေ ရှာဖွေဝယ်ယူ ထားနိုင်ပါတယ်။
ခုနောက်ပိုင်း ကျောပိုးအိတ်၊ လက်ကိုင်အိတ်၊ ခါးပတ်အိတ် စတာတွေလည်း အကြည်ဒီဇိုင်းတွေ ထုတ်လာပြီ ဆိုတော့ မိုးရာသီနဲ့ ကွက်တိဖြစ်နေမှာပါ။ အဖြူရောင်တွေတော့ အခုလိုမိုးရာသီမှာ ရှောင်စေချင်ပါတယ်။ အဖြူထည်တွေက ရေစိုပြီး မခြောက်တဲ့အခါ ဖားဥတက်၊ မိုးရာသီမှာလည်း ဗွက်တွေပေတတ်တာကြောင့် အဖြူရောင်ကို မိုးရာသီမှာ မဝတ်ဆင်တာ အကောင်းဆုံးပါပဲ။