Trend

အလုပ်လက်မဲ့ ဖြစ်နေချိန်မှာ ဘယ်လို အချိန်ဖြုန်းကြမလဲ

လက်ရှိ အလုပ်ကနေ ထွက်ပြီး အားနေတဲ့ ကာလတွေမှာ ဘာလုပ်လို့ လုပ်ရမယ်မှန်း မသိတဲ့သူတွေအဖို့ အတော် စိတ်ပျက်စရာ ကောင်းတဲ့ ကာလတွေပဲ ဖြစ်နေမှာပါ။ သူငယ်ချင်းတွေကလည်း အလုပ်ကိုယ်စီနဲ့မို့ ခဏခဏ မတွေ့နိုင်တဲ့ အခါ သင့်ကိုယ်သင် စိတ်ပျက်စရာအဖြစ် ခံစားမိလာပါလိမ့်မယ်။ ဒီလို မဖြစ်ရအောင် အလုပ်မရှိတဲ့ အချိန်မှာ အချိန်ဖြုန်းလို့ ရမယ့် နည်းလမ်းတွေ ဝေမျှလိုက်ပါတယ်။

(၁) CV ကို ပြန်လည် ပြင်ဆင်ပါ

အားနေတဲ့ အချိန်မှာ သင့် CV ကို အစအဆုံး သေသေချာချာ ပြန်လည် ပြင်ဆင်သင့်ပါတယ်။ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ၊ ဓာတ်ပုံတွေ၊ အရင် အလုပ်က လုပ်ဆောင်ခဲ့ရတဲ့ အရာတွေကို သေသေချာချာ ပြန်လည်ရေးသားပါ။ CV ကောင်း တခုက သင့်ရဲ့ ကိုယ်ရည်ကိုယ်သွေးကို ဖော်ပြနိုင်ပါတယ်။

(၂) သင်တန်း တက်ပါ

အလုပ်ကြောင့် ပညာရေးကို ဂရုမစိုက်မိပေမယ့် အားလပ်နေပြီဆိုရင်တော့ ပညာရေးကို တစိုက်မတ်မတ် ပြန်လည်လုပ်ဆောင် သင့်ပါတယ်။ တဖက်ကလည်း အလုပ်ရှာနေသလို ပိတ်ရက်မှာ သင့်အရည်အချင်း တိုးလာစေမယ့် သင်တန်းမျိုးကို ရှာဖွေတက်သင့်ပါတယ်။ ဒီလိုလုပ်တာက စိတ်လေနေတဲ့ရက်တွေ လျော့နည်းစေပါတယ်။

(၃) Network တည်ဆောက်ပါ

အရင်အလုပ်က မိတ်ဆွေတွေ၊ မတွေ့တာကြာတဲ့ သူငယ်ချင်းတွေနဲ့ ပြန်လည် တွေ့ဆုံပါ။ စကားပြောပါ။ သူတို့ဆီက အကြံဉာဏ်ယူပါ။ သင်တန်းက သူငယ်ချင်း အသစ်တွေနဲ့လည်း အပြင်သွား၊ အကျိုးရှိတဲ့ အရာမျိုးတွေ အတူတကွ လုပ်ဆောင်ပါ။

(၄) ဝါသနာပါတာတွေအတွက် အချိန်ဖြုန်းပါ

အားလပ်ရက်ရတုန်းမှာ စိတ်ကြိုက် ခရီးထွက်ပစ်လိုက်တာမျိုး၊ အလုပ်နဲ့ မသက်ဆိုင်တဲ့ သင်တန်း (ဥပမာ- ပန်းချီ၊ ဓာတ်ပုံ) စတာတွေကို စိတ်ဝင်စားတယ်ဆိုရင် အပျော်တမ်းအဖြစ် သင်တန်းတက်ပါ။ အားလပ်ချိန်မှာ သင်ဝါသနာပါတာတွေကို စိတ်ကြိုက် လုပ်ကြည့်ပါ။

၅) ကိုယ်ပိုင်စီးပွားရေး လုပ်ကြည့်ပါ

အများစုက အလုပ်ကနေ ထွက်လာချိန်မှာ နောက်ထပ် အလုပ်တခုကို လျှောက်ဖို့ပဲ အားသန်ကြပါတယ်။ လူအချို့ကတော့ စုဆောင်းထားတဲ့ငွေကို ရင်းနှီးပြီး ကိုယ်ပိုင်စီးပွားရေး လုပ်ကြပါတယ်။ ဒီလိုနည်းနဲ့ အခြေကျသွားတဲ့ သူတွေလည်း ရှိတာကြောင့် သင်က ကိုယ်ပိုင်စီးပွားရေး လုပ်ဖို့ စိတ်အား ထက်သန်တယ်ဆိုရင် စမ်းကြည့်သင့်ပါတယ်။

ကဲ အလုပ်ကနေ ပြုတ်တာပဲဖြစ်ဖြစ်၊ ထွက်လာတာပဲဖြစ်ဖြစ် စိတ်ဓာတ်ကျ မနေဘဲ မိမိလမ်းကို ဒီလိုမျိုးလေး ရှေ့ဆက် လျှောက်ကြည့်ပါ။

Loading