ရခိုင်တိုင်းရင်းသား တဦးဖြစ်တဲ့ ဒီဇိုင်နာ သျှတရကတော့ ဒီဇိုင်နာလောကကို ပြိုင်ပွဲများမှတဆင့် ဝင်ရောက်လာခဲ့ပြီး အောင်မြင်တဲ့ ဒီဇိုင်နာတယောက်အနေနဲ့ ရပ်တည်လျက်ရှိပါတယ်။ အခုလို အောင်မြင်တဲ့ ဒီဇိုင်နာတယောက်အနေနဲ့ ရပ်တည်နိုင်ဖို့အတွက် တာဝန်ဆိုတာထက် ပိုလုပ်ရမယ်လို့ ဒီဇိုင်နာသျှတရက ဧရာဝတီကို ပြောပါတယ်။
“အဓိကကတော့ ကိုယ့်အလုပ်ကို တန်ဖိုးထားဖို့၊ တာဝန်ဆိုတာထက် နည်းနည်း ပိုလုပ်ဖို့ပေါ့။ ကိုယ်တာဝန် ရှိသလောက်ပဲ လုပ်မယ်ဆိုရင် သူများနဲ့ တန်းတူပဲ ဖြစ်မယ်။ တာဝန်ဆိုတာထက် ကိုယ့်ရဲ့စိတ်ခံစားချက်၊ စေတနာတွေကို ချပြနိုင်ရမယ်။ ဒီဇိုင်နာ တယောက် ကောင်းကောင်းဖြစ်ဖို့ ရပ်တည်နိုင်ဖို့ဆိုတာလည်း တာဝန်တခုထက် ပိုပြီး အနုပညာရော စေတနာရော ချပြပေးနိုင်ရမယ်”လို့ ဒီဇိုင်နာ သျှတရက ပြောပါတယ်။
ဒီဇိုင်နာ သျှတရကတော့ ဒီဇိုင်းပညာကို ဝါသနာပါပြီး ဒီဇိုင်နာဖြစ်ချင်သူများအတွက် ပြိုင်ပွဲများ ဝင်ရောက် ယှဉ်ပြိုင်တာဟာ Public ကို ချပြနိုင်တဲ့အတွက် အရမ်းကိုကောင်းမွန်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ဆို အနုပညာမျိုးရိုး မရှိဘူး။ ကိုယ့်ရှေ့က ကိုယ့်ကို တွဲခေါ်မယ့် မိသားစု၊ အပေါင်းအသင်းလည်း မရှိဘူး။ ကိုယ်ကိုယ်တိုင် ပြိုင်ပွဲဆိုတာကို ဝင်ပြိုင်ရတဲ့အခါမှာ ကျနော်တို့လို အနုပညာ အသိုင်းအဝိုင်းက မဟုတ်တဲ့သူတွေ အတွက် အရမ်းကို လွယ်ကူတယ်။ ကိုယ်လုပ်တတ်တဲ့ လုပ်နိုင်တဲ့ဟာတွေကို Public မှာ ချပြခွင့်ရတဲ့အတွက် အရမ်းကို ကောင်းမွန်တယ်။ အဲဒီလိုမျိုး ပြိုင်ချင်တဲ့သူတွေကို အားပေးနေပါတယ်” လို့ ဒီဇိုင်နာ သျှတရက ပြောပါတယ်။
ဒီဇိုင်နာ သျှတရကတော့ မကြာခင်မှာ ကျင်းပမယ့် “Eternal Flame of Love” ဆိုတဲ့ Wedding Fair မှာ ၂၀၁၈ ခုနှစ် အတွင်း သူ့ရဲ့ပထမဆုံး မင်္ဂလာဝတ်စုံများကို ဖန်တီးရမှာနဲ့ ပတ်သက်ပြီးတော့လည်း ပြောပြခဲ့ပါတယ်။
“၂၀၁၈ ခုနှစ်မှာတော့ International မှာက ကာလာတွေ ရှိတယ်ဆိုပေမယ့် ဒီမြန်မာဆိုတဲ့အတွက် ထိုင်မသိမ်းနဲ့ ပတ်သက်ရင်တော့ ကျနော်က Cream ကာလာတွေ ရွှေရောင်တွေ ၊ အဖြူရောင်တွေကို အဓိကထားပြီး ဖန်တီးတယ်။ မြန်မာတွေက ရှေးရိုးအစဉ်အဆက်မှာ မင်္ဂလာအရောင်ဆိုတာကို သတ်မှတ်ပြီးသားပေါ့နော်”
“အဲဒီဟာကို International က ကာလာတွေနဲ့ ပေါင်းစပ်ရတဲ့အခါမှာ ဖန်တီးတာက ဖန်တီးတာပေါ့။ အခြေခံ အရောင် တွေက ပြောင်းလဲမှုမရှိဘူး။ အဲဒီအခြေခံ အရောင်တွေက ဘယ်ချိန်မဆို လှလည်းလှတယ်။ ကျက်သရေလည်း ရှိတယ်။ အဲဒီအခြေခံ အရောင်တွေက နှစ်တော်တော်ကြာ ပြောင်းလဲမှာ မဟုတ်ဘူး” လို့ ဒီဇိုင်နာ သျှတရက ပြောပါတယ်။