မြန်မာအမျိုးသမီးတွေ အကြိုက်တွေ့ကြတဲ့ မြန်မာရှေးဟောင်း ဒီဇိုင်းနဲ့ ဒီဇိုင်းထွင်ထားတဲ့ “Yangoods” အမှတ်တံဆိပ် ကနေ နိုင်ငံကျော် ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဖွေးဖွေးနဲ့ ပူးပေါင်းပြီး “ဖွေးဖွေး Collection” ကို ထုတ်လုပ်ဖို့ ရှိကြောင်း Yangoods ရဲ့ Co.founder မထင်ထင်က ဧရာဝတီကို ပြောပါတယ်။
“ကျမတို့ ဒီဇိုင်းသစ်တွေကို မနှစ်ကထက် ပိုပြီး ထုတ်လုပ်ထားတယ်။ Accessories တွေလည်း ထုတ်လုပ်ထားတယ်။ အကယ်ဒမီ ဖွေးဖွေးနဲ့ Yangoods ကနေမှ ပူးပေါင်းပြီးတော့ ဖွေးဖွေး Collection ဆိုပြီး လုပ်ဖို့ စီစဉ်ထားပါတယ်။ အဲ့တာကို ဇွန်လိုင်လကုန်လောက် ဈေးကွက်မှာ တင်ရောင်းတော့မှာပါ။ ဖွေးဖွေးက Brand Ambassador တော့ မဟုတ်ပါဘူး။ ဒီ Collection တခုအတွက် ဖွေးဖွေးနဲ့ ပူးပေါင်းပြီး ရောင်းသွားဖို့ရှိတယ်” လို့ Yangoods, Co-founder မထင်ထင်က ဆိုပါတယ်။
ဖွေးဖွေး Collection အနေနဲ့ အိတ် ဒီဇိုင်း ၃ မျိုး ၊ အရောင် ၃ မျိုး ထွက်မှာဖြစ်ပီး အဆိုပါ Collection အတွက် ဖွေးဖွေးရဲ့ အိုင်ဒီယာကို သုံးထားကာ ဖွေးဖွေးကြိုက်တဲ့ အရောင်များကိုလည်း သုံးထားတယ်လို့ သိရပါတယ်။
“ဖွေးဖွေး ခန္ဓာကိုယ်ပေါ်က တက်တူးကအစ ဒီဇိုင်းထွင်ပြီး လုပ်ထားတယ်။ ဖွေးဖွေး နောက်ဆုံး ရိုက်ထားတဲ့ ရွှေကြာနဲ့ ပတ်သတ်ပြီး ကြာပန်းလေးတွေ သုံးထားတာလည်း ရှိတယ်။ ဖွေးဖွေးကြိုက်တဲ့ အိတ်ပုံစံ သူက အလုံးလေးတွေ ကြိုက်တော့ အဲ့လို ပုံစံလေးတွေလုပ်ထားပါတယ်။ အဲ့အိတ်ကိုကြည့်တာနဲ့ ဖွေးဖွေးကို မြင်သလို ခံစားမိမှာပါ။ ပူးပေါင်းပြီးတော့ တင်ဆက်ထားပါတယ်”လို့ မထင်ထင်က ပြောပါတယ်။
Yangoods ကနေ အခြား ပရိသတ်ချစ်တဲ့ မြန်မာနိုင်ငံ အနုပညာရှင်တွေ ရဲ့ Collection လေးတွေလည်း ထွက်ရှိဦးမှာ ဖြစ်သလို ပန်းချီဆရာတွေနဲ့လည်း Yangoods က ပူးပေါင်းပြီး Collection တွေကို တနှစ်တကြိမ် ပူးပေါင်းပြီး ထုတ်လုပ် သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။
Yangoods အမှတ်တံဆိပ်ဟာ လတ်တလောမှာ မြန်မာနိုင်ငံသာမက ပြည်ပမှာပါ ရောင်းချနေတဲ့ ပြည်တွင်း Brand ဖြစ်ပြီး အိတ်များ၊ Accessories များကလည်း လူကြိုက်များနေပါတယ်။