သင်ဟာ ခွေးမွေးထားသူ တယောက်ဆိုရင်တော့ သင့်အချစ်တော် ခွေးလေးတွေကို ဘယ်လို အစားအစာမျိုး မကျွေးသင့်ဘူးလဲ ဆိုတာ သိထားသင့်ပါတယ်။
ဒါကြောင့်မို့လို့ သင့်အချစ်တော် ခွေးလေးတွေကို မကျွေးသင့်တဲ့ အစားအစာ ၆ မျိုးကို ဧရာဝတီ စာဖတ် ပရိသတ်တွေ ဗဟုသုတ အနေနဲ့ သိရအောင်လို့ ဖော်ပြပေးလိုက်ပါတယ်။
(၁) ချောကလက်
ချောကလက်ဟာ အိမ်မွေး တိရစ္ဆာန်အများစုနဲ့ မတည့်တဲ့ အစားအစာတမျိုးပဲ ဖြစ်ပါတယ်။ ချောကလက်မှာ ပါဝင်တဲ့ ဓာတုပစ္စည်းဓာတ်တွေဟာ ခွေးလေးတွေကို အစာအဆိပ်သင့်တာမျိုး ဖြစ်စေနိုင်တာကြောင့် မကျွေးသင့်ပါဘူး။
(၂) စပျစ်သီး
တိရစ္ဆာန် ဆေးကုဆရာဝန်တွေရဲ့ အဆိုအရ စပျစ်သီးမှာ ပါဝင်တဲ့ ဓာတ်တွေဟာ ခွေးတွေရဲ့ကျောက်ကပ်ကို ပျက်စီး စေနိုင်ပြီး အသက်သေတဲ့အထိ ဖြစ်စေနိုင်တာကြောင့် မကျွေးသင့်ပါဘူး။
(၃) ကဖင်းဓာတ်ပါဝင်တဲ့ အစားအစာများ
ကော်ဖီအပါအဝင် ကဖင်းဓာတ် ပါဝင်တဲ့ ဖျော်ရည်တွေနဲ့ အချိုရည်တွေဟာ အခန့်မသင့်ရင် အစာ အဆိပ်သင့် စေနိုင်တာကြောင့် မကျွေးသင့်ပါဘူး။
(၄) မြေပဲထောပတ်
မြေပဲထောပတ်ဟာလည်း အိမ်မွေးတိရစ္ဆာန် တော်တော်များများနဲ့ ဓာတ်မတည့်တဲ့ အစားအစာမျိုးဖြစ်တာကြောင့် နာတာရှည် ရောဂါတွေ ခံစားရနိုင်တယ်လို့ တိရစ္ဆာန် ဆေးကုဆရာဝန်တွေက ဆိုပါတယ်။
(၅) ပေါင်မုန့်
ခွေးမွေးသူအများစု အလွယ်တကူ ကျွေးမိတတ်ကြတဲ့ အစားအစာတမျိုးဖြစ်တဲ့ ပေါင်မုန့်မှာ အဆီဓာတ်နဲ့ သကြားဓာတ် ပါဝင်ပြီး အဲဒီဓာတ်တွေဟာ ခွေးတွေကို နေမကောင်းဖြစ်စေနိုင်ပါတယ်။
(၆) အာလူးကြော်
အာလူးကြော်လို ဆီကြော်အစားအစာတွေမှာ ဆားဓာတ်အများဆုံး ပါဝင်ပြီး ဆားဓာတ်ဟာ ခွေးတွေနဲ့ မတည့်တာကြောင့် မကျွေးသင့်ပါဘူး။
Ref : www.goodhousekeeping.com