ဆယ်ကျော်သက်အရွယ်၊ မြီးကောင်ပေါက် အရွယ်လေးတွေဟာ ဆိုဆုံးမရ အခက်ဆုံးထဲမှာ ပါဝင်နေပါတယ်။ ကိုယ့်ကိုယ်ကို အရွယ်ရောက်ပြီ ထင်ပြီး နေရာတကာ ပါချင်၊ လက်တည့် စမ်းချင်၊ ဆိုးသွမ်းချင်နေတဲ့ အချိန်မှာ မိဘတွေအနေနဲ့ အေးအေးဆေးဆေး ကိုင်တွယ်တတ်ဖို့ လိုပါတယ်။
သူတို့ရဲ့စိတ်ကျန်းမာရေး အခြေအနေကို သတိပြုပြီး လိုက်လျောညီထွေ ဆက်ဆံသင့်ပါတယ်။ ဒီလိုအရွယ်လေးတွေက ကလန်ကဆန် မလုပ်ခဲ့ရင်တောင် ကိုယ့်ကိုယ်ကို အမြဲအားငယ်နေတတ်ပြီး ဆိုးသွမ်းတဲ့သူတွေကတော့ လူဆိုးစာရင်း ဝင်သွားတတ်ပါတယ်။ ဒါကြောင့် ဒီလိုအရွယ်လေးတွေနဲ့ ဆက်ဆံရသူတွေအဖို့ အဆင်ပြေမဲ့ နည်းလမ်းကောင်းတွေ မျှဝေလိုက်ပါတယ်။
(၁) မဝေဖန်ပါနဲ့
တခါတလေမှာ လူကြီးတွေက ငါပြောတာ အမှန်ဆိုပြီး အတင်းနားထောင် ခိုင်းတတ်ပါတယ်။ သူတို့ဘက်က တခုခု ပြောလာရင်လည်း ဝေဖန်တာမျိုး မလုပ်ပါနဲ့။ ဒီအရွယ်လေးတွေက စိတ်ဓာတ်ကျနေတဲ့ သူတွေလို သူတို့ ပြောစကားတွေ နားထောင်ပေးမယ့်သူ၊ ရင်ဖွင့်လို့ရမယ့်သူမျိုး လိုအပ်ပါတယ်။ ဒါကြောင့် အရင်ဆုံး သူပြောတာတွေကို အေးအေးဆေးဆေး နားထောင်ပေးပြီး ယုံကြည်မှု တည်ဆောက်ကြည့်ပါ။
(၂) သင်အမြဲ သူ့ဘက်မှာ ရှိနေကြောင်းပြပါ
သူတို့ဟာ ကိုယ့်ကိုယ်ကို ယုံကြည်မှု တည်ဆောက်နေရတဲ့ ကာလမှာ သင်ဟာ သူတို့ကို ယုံကြည်ကြောင်း၊ အသင်း တသင်းတည်း ဖြစ်ပြီး အိပ်မက် တခုကို အတူတူ အကောင်အထည် ဖော်နေတာ ဖြစ်ကြောင်း သိသာပါစေ။ သူတို့ကို ကိုယ်ပိုင် ဆုံးဖြတ်ခွင့်ပေးထားပြီး သင့်ဘက်က လိုအပ်တာကိုသာ လိုက်လံထိန်းသိမ်းသူ ဖြစ်ပါစေ။
(၃) စည်းရှိပါစေ
သင်ဟာ သူ့ကို အမြဲနားလည်ပေးလို့ သူ့ဘက်က မလေးစားတာမျိုး မရှိရအောင် သတိပြုပါ။ သူငယ်ချင်းလို ရင်ဖွင့်လို့ ရတိုင်း သူငယ်ချင်းလို ဆက်ဆံလို့ မရတာ သူသိပါစေ။ သင့်ကို ပြန်အော်တာ၊ ကျိန်ဆဲတာမျိုးကို လုပ်ခွင့်မပေးပါနဲ့။ သူ့ကိုလည်း ကိုယ်ပိုင် အချိန်တခု၊ နေရာတခု ပေးထားတာမျိုး လုပ်လို့ရပါတယ်။
(၄) Network ရှိပါစေ
ဒီလိုမြီးကောင်ပေါက် အရွယ်လေးတွေကို ဂရုမစိုက်၊ ပစ်ထားတာမျိုး မလုပ်ဘဲ သူတို့ရဲ့ သူငယ်ချင်း မိတ်ဆွေတွေနဲ့လည်း သိထားသင့်ပါတယ်။ အုပ်ထိန်းသူ အချင်းချင်း ခင်မင်ရင်းနှီးရင်လည်း ပိုကောင်းမွန်ပြီး သူတို့လေးတွေ ဘယ်လို အခြေအနေ ရှိတယ် ဆိုတာ သင့်အနေနဲ့ ခန့်မှန်းနိုင်ပါတယ်။
Ref ; psychologytoday