ယခု နောက်ပိုင်းမှာ အလုပ်အသစ်တွေလျှောက်ပြီဆိုရင် HR တွေက ပထမဆုံးအင်တာဗျူးကို ဖုန်းနဲ့ခေါ်မေးလေ့ရှိပါတယ်။
ပထမဆုံးအချိန်ကို ဖုန်းနဲ့ မေးခြင်းအားဖြင့် သင်ကိုယ်တိုင်လည်း အချိန်ကုန်သက်သာပြီး ကိုယ်လျှောက်ထားတဲ့ ကုမ္ပဏီရဲ့အခြေအနေကို အနည်းအကျဉ်းလောက် ခန့်မှန်းနိုင်မှာဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုဖုန်းနဲ့ အင်တာဗျူး ဖြေမယ်ဆိုရင် သတိထားရမယ့်အချက်တွေလည်း ရှိပါသေးတယ်။
(၁) ဖုန်းနဲ့ပတ်သက်ပြီး ပထမအစမှာတင် အဆင်ပြေနေပါစေ
တချို့တွေက အင်တာဗျူးသာဖြေချင်တာ ကိုယ့်ဖုန်းကို ဘက်ထရီအား ရှိ ၊ မရှိ သေချာစစ်ဆေးဖို့ လိုပါတယ်။ စကားပြောရင်းနဲ့ ပါဝါပိတ်သွားတာမျိုး၊ ဖုန်းကမကောင်းတော့လို့ အသံက တိုးသွားတာမျိုး၊ လိုင်းဆွဲအား မကောင်းလို့ အော်ပြောရတာမျိုးက မဖြစ်ရင် အကောင်းဆုံးပါ။
အွန်လိုင်းကနေ ဖြေဆိုရမယ်ဆိုရင် ဒီလိုအရာတွေကို ပိုပြီး ဂရုစိုက်သင့်ပါတယ်။ အင်တာဗျူးတဲ့သူက သင့်မှာဒီလိုအခက်အခဲတွေရှိနေတာကို အမြဲလက်ခံပေးမှာမဟုတ်ပါဘူး။
(၂) မှတ်စုလုပ်ဖို့ မေ့နေခြင်း
ဖုန်းလာတာနဲ့ ဒီအတိုင်းပြောလိုက်မယ်ဆိုရင် သင်ဟာစိတ်လှုပ်ရှားနေတာကြောင့် အရေးကြီးတဲ့အရာတွေ မေ့လျော့နိုင်ပါတယ်။ ဒီလိုမဟုတ်ဘဲ မှတ်စုနဲ့ သေချာလိုက်မှတ်ထားမယ်ဆိုရင် သင်လိုချင်တဲ့ အချက်အလက်အပြည့်အစုံကိုမေးဖို့ အချိန်ရသလို မေးခွန်းအပြည့်အစုံကို ပြန်လည်မေးမြန်းနိုင်မှာ ဖြစ်ပါတယ်။
(၃) စကားအမြန်ပြောခြင်း (သို့မဟုတ်) စကားများလွန်းခြင်း
အင်တာဗျူးသူက သင့်သူငယ်ချင်းမဟုတ်ပါဘူး။ ဒါကြောင့် မလိုအပ်ဘဲစကားတွေများပြီး အလာပသလာပ မပြောသင့်ပါဘူး။ လိုရင်းကို အဆင်ပြေပြေပြောခြင်းအားဖြင့် နှစ်ဦးနှစ်ဖက်လုံးရဲ့အချိန်ကို ချွေတာပြီးသား ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် အခြားဘာသာစကားနဲ့ အင်တာဗျူးတဲ့အခါ စိတ်မလှုပ်ရှားစေဖို့ သတိပြုပါ။ စိတ်လှုပ်ရှားပြီး စကားအမြန်ပြောတာက သင့်ရဲ့ အချက်အလက်တွေ မသဲမကွဲဖြစ်ပြီး အင်တာဗျူးသူ စိတ်ပျက်သွားနိုင်ပါတယ်။
(၄) သက်သောင့်သက်သာဖြစ်လွန်းစွာနဲ့ စကားပြောခြင်း
သင်ဟာအိမ်နေရင်းဝတ်စုံနဲ့ ဆိုဖာခုံမှာ အိပ်နေရင်းနဲ့ စကားပြောဆိုတာမျိုးမလုပ်မိဖို့လိုပါတယ်။ Video Call မျိုးဖြေဆိုရတယ်ဆိုရင် ပိုအရေးကြီးပါတယ်။ သက်သောင့်သက်သာဖြစ်လွန်းစွာနဲ့ စကားပြောဆိုခြင်းကလည်း တဖက်သားကို အလေးမထားသလိုဖြစ်စေနိုင်တာကြောင့် သတိပြုပါ။
(၅) ကောင်းကောင်းအဆုံးသတ်ပါ
အင်တာဗျူးဖြေပြီးပြီဆိုတာနဲ့ ဖုန်းကိုတန်းမချဘဲ ကောင်းကောင်းအဆုံးသတ်ပါ။ လူချင်းတွေ့ရတာ မဟုတ်တာကြောင့် ပြီးစလွယ်ဖြေမယ်သဘောမထားဘဲ သင့်ဘက်ကသေချာနှုတ်ဆက်ဖုန်းချခြင်းဖြင့် အင်တာဗျူးသူကို ခံစားချက် ကောင်းကောင်းပေးနိုင်ပါတယ်။
Ref : Business Insider