“ပြန်လည်သုံးစွဲခြင်း” ဆိုတဲ့ စကားက အခုခေတ်မှာ အတော်အသုံးများလာပါပြီ။ နေ့စဉ် အသုံးပြုလိုက်တဲ့ ပစ္စည်းတွေကို တခါသုံးပြီးတာနဲ့ စွန့်ပစ်လိုက်တာထက် တခြားနေရာမှာ ပြန်အသုံးပြုတာက စားရိတ်ချွေတာရာ ရောက်သလို စွန့်ပစ် ပစ္စည်းဖောင်းပွမှုကို လျော့ချရာလည်း ရောက်ပါတယ်။
အခုလည်း နေ့တိုင်းသောက်ဖြစ်နေတဲ့ Teabags (တခါသောက် လက်ဖက်ခြောက် အထုပ်) တွေကို တခါ သောက်ပြီးတာနဲ့ လွှင့်ပစ်မယ့်အစား တခြားနေရာမှာ ပြန်အသုံးချနိုင်တဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။
ပုံမှန်သောက်နေကျသူဆို ချွေတာတဲ့အနေနဲ့ Teabags အထုပ်လေးတွေဆို ၂ ခါလောက် ပြန်သောက်လေ့ ရှိပါတယ်။ ဒီလို ပိုက်ဆံချွေတာသလိုပဲ မီးဖိုချောင်မှာလည်း ပြန်အသုံးချလို့ ရပါသေးတယ်။ လက်ဖက်ခြောက်ထုပ်တွေဟာ တကယ်တော့ သဘာဝ အနံ့စုပ် ပစ္စည်းလေးတွေပါပဲ။ အနံ့အသက်များတဲ့နေရာတွေမှာ သောက်ပြီးသား လက်ဖက်ခြောက် ထုပ်တွေကို အနံ့စုပ်ပစ္စည်းအဖြစ် ပြန်အသုံးချနိုင်ပါတယ်။
အမှိုက်ပုံးလို အနံ့အသက် ဆိုးတဲ့နေရာတွေ၊ မီးဖိုချောင်မှာ၊ ဒါမှမဟုတ် ရေခဲသေတ္တာထဲ ထည့်ထားလို့ ရသလို၊ အထုပ်ကို ဖောက်ပြီး အထဲက လက်ဖက်ခြောက် အရွက်လေးတွေကိုပဲ ဘူးခွံတွေ ခြောက်သွေ့အောင် ထည့်ထားလို့ ရပါသေးတယ်။
နောက်တနည်းကတော့ ပိုးမွှားအန္တရာယ်ကနေ ကာကွယ်ဆေးအဖြစ်လည်း သုံးကြပါတယ်။ အိမ်တွင်း၊ အိမ်ပြင် အလှစိုက်တဲ့ ပန်းပင်တွေ မှိုရောဂါ မဖြစ်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် ရေနွေးသောက်ပြီးတာနဲ့ ကျန်တဲ့ လက်ဖက်ခြောက်တွေကို မလွှင့်ပစ်ပဲ ပန်းအိုးတွေထဲ ဖြူးထားလိုက်ပါ။ တချို့ကတော့ သုံးပြီးသား လက်ဖက်ခြောက် ထုပ်တွေကို ရေနွေးနဲ့ပြန်ဖျော် အအေးခံပြီးမှ ရလာတဲ့အရည်ကို အပင်တွေကို ဖြန်းပေးကြပါတယ်။
အိမ်ရှင်မတွေအတွက်လည်း အရမ်းကို အသုံးဝင်တဲ့ နည်းလမ်းလည်း ရှိပါတယ်။ အသားစိမ်း၊ ငါးစိမ်းတွေကိုင်ပြီးလို့ အနံ့ထွက်နေတဲ့လက်ကို ဘယ်လောက်ဆေးဆေး အနံ့မပြောင်တဲ့အခါ လက်ဖက်ခြောက်ထုပ်လေးကို လက်နဲ့ အရင် ပွတ်တိုက်ပြီးမှ ဆပ်ပြာနဲ့ဆေးလိုက်ရင် အနံ့ဆိုးတွေပျောက်ပြီး မွှေးပြန့်သွားပါလိမ့်မယ်။
ချက်ပြုတ် ကြော်လှော်ထားတဲ့ အိုးတွေကို ပြန်ဆေးရတဲ့အခါ အဆီတွေပြောင်အောင် နှစ်ထပ်၊ သုံးထပ် တိုက်ရတာ စိတ်ကုန်စရာပါ။ နောက်ဆို ဒီလိုစိတ်မညစ်ရအောင် ဆီတွေဝေ့နေတဲ့အိုးတွေကို မတိုက်ချွတ်ခင် Teabags တွေ ထည့်ပြီး ရေစိမ်ထားလိုက်ပါ။ ခဏနေမှ တိုက်ရင် အဆီတွေ ခဏလေးနဲ့ သန့်စင်သွားပါတယ်။
Ref: Yummy