ပရဟိတ မင်းသားတစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ ချစ်ခင်မှုတွေကို ရရှိနေတဲ့ မင်းသား ဝေဠုကျော်က လတ်တလောမှာ သူလက်ရှိနေထိုင်တဲ့ သူ့ရဲ့ အိမ်မှာ ထူးဆန်းတဲ့ ဖြစ်ရပ်တွေနဲ့ ကြုံခဲ့ရတဲ့ အကြောင်းကို ပရိသတ်တွေကို ဖွင့်ဟ လာပါတယ်။
သရုပ်ဆောင် ဝေဠုကျော် နေအိမ်မှာ ထူးခြားတဲ့ ဖြစ်စဉ်တွေနဲ့ ကြုံတွေ့နေရတယ်တဲ့အကြောင်းကို အခုလိုပဲ သူရဲ့ Facebook ပေါ်မှာရေးသားထားပါတယ်။
“အကြောင်းမဲ့ ပုလင်းများ ၊ ပန်းကန်များ နေရာ ရွေ့ကျကွဲခြင်း၊ လူကို ပစ်ပေါက်ခြင်း ၊ မီးပူများ ခလုတ်ဖွင့် မီးခလုတ်တပ် နံပါတ်ကုန်လှည့်ပြီး ကျွမ်းအောင်တိုက်ထားခြင်း၊ သေဆိုတဲ့စာလုးံကို သွေးနဲ့ရေးခြင်း ၊ ကြက်သား အစိမ်းများ နှင့် ဟင်းများ ကြမ်းပြင်သို့ ရောက်နေခြင်း ၊မုန့်များ အသီးများ နေရာရွေ့ကာ ကြမ်းပြင်သို့ရောက်နေခြင်း ၊ လူများကြားမှ ပစ္စည်းများ ပစ်ပေါက်ပြခြင်း၊ အစရှိသဖြင့် အံ့သြဖွယ် ကြုံတွေ့ခဲ့ရပါတယ်” ဆိုပြီး ဝေဠုကျော်ရဲ့ Facebook မှာ ဇူလိုင် ၆ ရက်နေ့က ရေးသားထားပါတယ်။
အဲ့လို ကိစ္စတွေ ဖြစ်ပေါ်နေတာကြောင့် သူ့ရဲ့ နေအိမ်ကို တက်ကျွမ်းတဲ့ဆရာတော်များကို ပင့်ဖိတ်ကာ အောက်တန်းကျတဲ့ ပညာများနဲ့ တိုက်ခိုက်ထားမှုများကို ဖယ်ရှားနိုင်ခဲ့တယ်လို့ ဆက်လက်ပြောထားပါသေးတယ်။
“သီလ သမာဓိ ပြည့်စုံလှတဲ့ ဆရာတွေရဲ့ ကျေးဇူးနဲ့ မသမာသော အောက်တန်းကျသောပညာများနဲ့ တိုက်ခိုက် ထားမှုများကို ဖယ်ရှားကာ တည်ငြိမ်အေးချမ်းမှု ရရှိ သွားပြီ ဖြစ်ပါသည်။ဆရာများရဲ့ ကျေးဇူးနဲ့ အစွဲအလမ်း များကြောင့် မကျွတ်လွတ်သေးတဲ့ ဆွေမျိုးများကိုလဲ အမျှဝေပေးနိူင်ကာ ကောင်းမွန် ရာဘုံဘဝသို့လည်း ကူးစေနိူင်ခဲ့ပါသည်” ဆိုပြီး ပြောထားပါတယ်။
လတ်တလောပရိသတ်စိတ်ဝင်စားနေတဲ့ ကိစ္စနဲ့ပတ်သက်လို့ ဧရာဝတီက ဝေဠုကျော်ကို ဆက်သွယ်မေးကြည့်တဲ့ အခါ အခုလိုဆိုထားပါတယ်။
“ကျနော် ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး ဘာမှ မပြောချင်တော့ပါဘူး။ ဘာကြောင့်လဲ ဆို ကျနော် နာမည်ကြီးချင်လို့လည်း မဟုတ်ဘူး။ ကျနော်ဒီလို တင်လိုက်တာကလည်း ကျနော်လို မျိုးဖြစ်ရင် ဒီဆရာတွေနဲ့ လုပ်လို့ရအောင်တင် ပေးလိုက်တာ။ ဒီခေတ်က လုပ်ရကိုင်ရအရမ်းခက်တယ်။ သူတို့နဲ့ မတူ သူတို့ရန်သူ ဆိုတာမျိုး ဖြစ်နေတာကြောင့် ကျနော် ဘာမှမပြောချင်တာပါ”
“ကျနော့်ကို ဆဲနေကြတာကိုလည်း ဘာမှမပြောချင်ပါဘူး။ ကျနော်လုပ်တာ ကျနော်သမိုင်း။ ကျနော်တို့ တပတ်လောက် ခံစားလိုက်ရတယ်။ ကျနော်တို့ အမျှပေးတယ် မရဘူး။ ကမ္မဝါ ဖတ်ဖို့လုပ်တယ်။ သောင်းကျန်းနေတယ်။ နယ်ကဘုန်းဘုန်းက ညွှန်လိုက်တာ ဘုန်းဘုန်းလွှတ်ပေးလို့ရောက်လာတယ်။ ကျနော်တု့ိလည်း မသိဘူး အဲ့ဆရာတွေကို။ ဆရာတွေလုပ်ပေး လိုက်တော့မှ တည်ငြိမ် အေးချမ်းသွားပါပြီ” လို့ ဝေဠုကျော်က ဧရာဝတီကို ပြောပါတယ်။
“ကျနော်တို့ကလည်း ခုမှကြုံဖူးတော့ ကိုယ်တွေလိုပဲ ဖြစ်လာတာမျိုးတွေရှိရင် ကူညီပေးချင်တဲ့ သဘောနဲ့ တင်လိုက်တာ။ အဲ့တာအရမ်းပွသွားပြီးတော့ အပြောခံနေရတာ။ နာမည်ကြီးချင်လို့လည်း မဟုတ်ပါဘူး။ ကျနော်စိတ်ထဲတော့ မကောင်းဘူးဗျ ”လို့လည်း ဝေဠုကျော်က ဆိုပါတယ်။
ဝေဠုကျော်ကတော့ ဒီအဖြစ်အပျက်တွေကြောင့် တက်ကျွမ်းတဲ့ ဆရာသမားတွေ၊ အထက်ပုဂ္ဂိုလ်တွေရဲ့ အကူအညီကို ယူပြီး ဖြေရှင်းခဲ့ရတဲ့အကြောင်းကိုလည်း သူ့ရဲ့ Facebook မှာရေးပြီး ပြောထားပါတယ်။ ကံကောင်းစွာပဲ ဝေဠုကျော်ရဲ့ အိမ်ကတော့ တိုက်ခိုက်မှုရန်တွေကို ဖယ်ရှားပြီး တည်ငြိမ်အေးချမ်းမှု ရသွားခဲ့ပြီလို့ သိရပါတယ်။
ဖြစ်ရပ်ဆန်းတွေကြုံခဲ့ရတဲ့ ဝေဠုကျော်ရဲ့ အိမ်ကြီးရဲ့ ဓာတ်ပုံတွေနဲ့ ဆရာတွေရဲ့ဖုန်းနံပါတ်တွေပါ သူရဲ့Facebook မှာ တင်ထားပါသေးတယ်။
ဝေဠုကျော် ဖောင်ဒေးရှင်းနေအိမ်က ပြဿနာများနဲ့ ပတ်သက်ပြီး ပရိသတ်တွေက စိတ်ဝင်စားနေကြသလို ဝေဠုကျော် အတွက်လည်း စိုးရိမ်နေကြပါတယ်။ ဝေဠုကျော်ဟာ ပရိသတ်တွေ လေးစားအားကျရတဲ့ သရုပ်ဆောင် တဦးဖြစ်သလို ပရဟိတလုပ်ငန်းများကိုလည်း စွမ်းစွမ်းတမံဆောင်ရွက်နေတဲ့သူတဦးလးည်း ဖြစ်ပါတယ်။
ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ် ကစပြီး လူမှုအကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ ဝေဠုကျော် ဖောင်ဒေးရှင်းကို စပြီး တည်ထောင်ခဲ့သူတဦး ဖြစ်ပါတယ်။