လူတယောက်ချင်းစီရဲ့ ထင်ရှားတဲ့ အမှတ်အသားကို သတ်မှတ်တဲ့အခါ ကိုယ်ပေါ်က မှဲ့တွေကို အဓိကထား ကြည့်လေ့ ရှိပါတယ်။ မွေးတည်းက ပါလာတဲ့ ဒီအမှတ်အသားတွေက သင့်ဘဝရဲ့ အနာဂတ်ကို ခန့်မှန်းနိုင်တယ် ဆိုတာ ယုံကြည်နိုင်ရဲ့လား။ ဒီလို သိပ္ပံပညာတိုးတက်နေတဲ့ ခေတ်ကြီးမှာ ရာနှုန်းပြည့်လက်ခံဖို့ဆိုတာ မလွယ်ပေမယ့် လုံးဝ မယုံကြည်လို့လည်း မရပြန်ပါဘူး။ ဒါဆို သင့်ကိုယ်ပေါ်က မှဲ့ကိုကြည့်ပြီး ဘယ်လိုခန့်မှန်းမလဲ။
မျက်နှာပေါ်နဲ့ ခေါင်းမှာ မှဲ့ရှိတဲ့သူကို ဖန်တီးနိုင်မှု စွမ်းရည် မြင့်တဲ့သူလို့ သတ်မှတ်ကြပါတယ်။ နဖူးမှာ ရှိရင်တော့ ငယ်ဘဝမှာ အရေးကြီးတဲ့ အဖြစ်အပျက်ကို ကြုံနိုင်ပြီး ဒီအဖြစ်အပျက်က သင့်ဘဝလမ်းကြောင်းကို အဆုံးအဖြတ် ပေးတဲ့ အထိ အရေးပါနိုင်ပါတယ်တဲ့။
နှာခေါင်းနဲ့ ပါးပေါ်မှာ မှဲ့ရှိရင် အရွယ်ရောက်တဲ့အချိန်မှာ အရေးကြီးတဲ့ အဖြစ်အပျက် ကြုံရနိုင်ပြီး ဒီအဖြစ်အပျက်ကပဲ သင့်အနာဂတ် လမ်းကြောင်းပေါ် ရောက်အောင် ဆွဲတင်ပေးပါလိမ့်မယ်။ နှုတ်ခမ်းနဲ့ မေးစေ့မှာ မှဲ့ပါတဲ့သူဟာ ကိုယ်ဖြစ်ချင်တဲ့ ဘဝအစစ်အမှန်ကို အသက်ကြီးမှ ရှာတွေ့ပြီး အေးချမ်းစွာ နေထိုင်သွားနိုင်မှာပါ။
ယောက်ျားလေး နဖူးနဲ့ နှာခေါင်းမှာ မှဲ့ပါတယ်ဆိုရင် ဉာဏ်ရည်ထက်မြက်ပြီး စဉ်းစားတွေးခေါ်နိုင်စွမ်း မြင့်သူလို့ သတ်မှတ်ကြပါတယ်။ မျက်လုံးကြားမှာ ပါရင်တော့ ဆဋ္ဌမအာရုံ ရှိကြပြီး “အကောင်းဆုံး စိတ်ပညာရှင်” လို့တောင် တင်စားကြပါတယ်။
ပုခုံး၊ လက်ဖျံနဲ့ လက်ကောက်ဝတ်မှာ မှဲ့ပါသူဟာ အချစ်ကို ခံစားလွယ်သူတွေပါတဲ့။ သင့်ချစ်သူအတွက် ဘာမဆို အရာရာ ဖြည့်ဆည်းပေးချင်သူတွေပါ။ ဒီလိုလူတွေက ဘဝမှာတကြိမ်သာ ချစ်ဖူးပြီး တဘဝလုံးစာ သစ္စာရှိရှိ ချစ်တတ်ကြပါတယ်။
လက်နဲ့ လက်ဖဝါးမှာ မှဲ့ပါသူတွေဆို အဆစ်မြစ်ရောင်ရောဂါ ခံစားရတတ်ပြီး လက်မှာ ဒဏ်ရာရနိုင်လို့ မဖြစ်အောင် သတိထား ကာကွယ်သင့်ပါတယ်။ ညှို့သကျည်းနဲ့ ခြေထောက်မှာ မှဲ့ပါခဲ့ရင်တော့ ခရီးတွေထွက်ရတာ နှစ်သက်သူပါ။
အကောင်းမြင်သမားဖြစ်ပေမယ့် ပေါ့ပေါ့ဆဆ နေတတ်သူပါ။ အရာဝတ္ထုတွေ၊ လူတွေအပေါ်မှာ သံယောဇဉ် မဖြစ်ဘဲ အလွယ်တကူ ပြောင်းလဲနိုင်သလို ကိုယ့်စိတ်ခံစားချက်အတိုင်း နေတတ်သူတွေပါ။
ကျောကုန်းမှာ မှဲ့ရှိတယ်ဆိုရင် ကျန်းမာရေးကို အထူးဂရုပြုသင့်ပါတယ်။ ကျန်းမာတဲ့ လူနေမှုပုံစံ ဖြစ်အောင် ကိုယ့်ကိုယ်ကို ဂရုစိုက်နေသင့်ပါတယ်နော်။ မကြာခဏ အအေးမိလိုက်၊ အဆုတ်ရောင် အအေးပတ်လိုက် ချူချာတတ်လို့ပါ။
ဗိုက်မှာ မှဲ့ရှိသူတွေကတော့ အပျော်မက်သူတွေပါတဲ့။ စိတ်အလိုလိုက်တဲ့ပြီး မကောင်းတဲ့အကျင့်တွေမှာ ပျော်မွေ့တတ်သူ တွေပါ။ ဒါက မကောင်းမှန်းသိသိကြီးနဲ့ကို ရုန်းမထွက်နိုင်ပဲ မှားပြီးရင်း မှားနေတတ်တဲ့သူမျိုးတွေမို့ သတိပြု ဆင်ခြင်သင့် ပါတယ်။
ရင်သားပေါ်မှာ မှဲ့ရှိတယ်ဆိုရင် ကိစ္စတော်တော်များများကို ခက်ခက်ခဲခဲ ကြိုးစားပြီးမှ ရတတ်ပါတယ်။ မိန်းကလေးတွေ ရင်ညွန့်မှာ မှဲ့ပါခဲ့ရင်တော့ မိခင်ကောင်းတယောက်ဖြစ်ပြီး အိမ်မှုကိစ္စ နိုင်နင်းသူပါတဲ့။
Ref: BttrM