“Therese” လို့ခေါ်တဲ့ အမျိုးသမီးတဦးဟာ Blinkist စာဖတ် application မှာ စာအုပ်ပေါင်း ၁၀၀ ကို တလအတွင်း ဖတ်ရှုခဲ့တယ်လို့ သိရပါတယ်။ သူမ ဘယ်လိုများ ဒီလောက်များတဲ့ စာအုပ်တွေကို ဖတ်ရှုနိုင်ခဲ့တာလဲဆိုတာကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်။
Therese နဲ့ တွေ့ဆုံဖြစ်ခဲ့တဲ့အခါမှာတော့ သူမဟာ စီးပွားရေးစီမံခန့်ခွဲမှု မန်နေဂျာ တယောက်ဖြစ်ပြီး ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ နေထိုင်သူဖြစ်ပါတယ်။ သူမဟာ တလအတွင်းမှာ စိတ်ပညာ၊ နိုင်ငံရေးနဲ့ ခေါင်းဆောင်မှု သဘောတရားနဲ့ ပတ်သက်တဲ့ စာအုပ်တွေကို ဖတ်ရှုခဲ့တာပဲ ဖြစ်ပါတယ်။
ဒီကိစ္စဟာ သူမရဲ့လုပ်ဖော်ကိုင်ဖက်တယောက်နဲ့ လောင်းကြေးတခုကနေ အစပြုခဲ့တာဖြစ်ပြီး သူမ ကိုယ်တိုင်ကလည်း လိုလိုလားလား သဘောတူညီမှု ရှိခဲ့ပါတယ်။ အဲဒီအလောင်းအစားကတော့ Malcolm Gladwell ရဲ့စာအုပ်တအုပ်ဖြစ်တဲ့ “Outliers: The Story Of Success” ဆိုတဲ့ စာအုပ်ကို အချိန် ၂ နာရီအတွင်း အပြီးဖတ်ဖို့ပဲ ဖြစ်ပါတယ်။
ဒီအလောင်းအစားကို သဘောတူညီမှု ယူပြီးတဲ့နောက်မှာတော့ ၂ နာရီအတွင်း ဒီစာအုပ်ကို သူမ ဖတ်နိုင်ပါ့မလား ဆိုတာကို စတင် စိုးရိမ်မိပါတော့တယ်။
စာအုပ်ရဲ့ ပထမ ၅ ခန်းလောက် ဖတ်အပြီးမှာပဲ ဒီလိုစာအုပ်မျိုးကို ၂ နာရီအတွင်း ဖတ်ဖို့ဆိုတာဟာ ဘယ်လိုမှ မဖြစ်နိုင်ဘူးဆိုတာကို သူမ သိလိုက်ရပါတော့တယ်။ သူမရဲ့ လုပ်ဖော်ကိုင်ဖက်နဲ့လည်း လောင်းကြေးဟာ ရှုံးနိမ့်သွားခဲ့ပါတော့တယ်။ ဒါပေမယ့် သူမမှာ အကြံဉာဏ်ကောင်း တခုတော့ ရှိနေခဲ့ပါတယ်။
သူမဟာ ဝက်ဘ်ဆိုဒ်တွေ၊ ဘလော့ဂ်တွေနဲ့ Application တော်တော်များများကို ရှာဖွေခဲ့ပြီး အဲဒီထဲကမှ Blinkist Application မှာ အရောင်းရဆုံး စာအုပ်တွေရှိနေခဲ့ပြီး စာကြည့်တိုက်တွေရဲ့ ခေါင်းစဉ် စီပုံမျိုးနဲ့ဆိုတော့ သူမအနေနဲ့ ဖတ်ချင်တဲ့ စာအုပ်တွေကိုလည်း အလွယ်တကူ ရှာဖွေနိုင်ခဲ့ပါတယ်။
အတိအကျဆိုရင်တော့ သူမဖတ်ရှုခဲ့တဲ့ စာအုပ်အရေအတွက်ဟာ ၁၀၂ အုပ်ဖြစ်ပြီး သူမအနေနဲ့ တနေ့ကို ခေါင်းစဉ် ၃ ခုခန့် အကြမ်းဖျင်း ဖတ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး Therese က “ကျမရဲ့ အချိန်တော်တော်များများကို အရင်က တော့ Netflix နဲ့ လူမှုကွန်ရက်တွေမှာပဲ ကုန်ဆုံးလေ့ရှိခဲ့ပါတယ်။ ကျမရဲ့ အသက်မွေးဝမ်းကြောင်းအလုပ်ကလည်း ပင်ပန်းစေတာမို့ အိမ်ပြန်ရောက်တာနဲ့ ဦးနှောက်က သုံးလို့မရအောင်ကို ဖြစ်နေခဲ့ပါတယ်”
“ဒါပေမယ့် စာဖတ်ခြင်းက မုန့်ပဲသရေစာတခု စားလိုက်ရသလို ပြန်လည်လန်းဆန်းစေပြီး အခုဆိုရင် ၁ မိနစ်အတွင်း စာမျက်နှာ ၄၀၀ ကျော်ဖတ်နိုင်လို့ ကိုယ့်ကိုယ်ကိုလည်း ကျေနပ်ရပါတယ်။ အိပ်ရာထတဲ့ အချိန်တွေတိုင်းမှာလည်း အရင်နေ့တွေကထက် ဗဟုသုတတွေတိုးလာတယ်လို့ ခံစားရတာကြောင့် ဆက်ပြီးတော့လည်း စာအုပ်တွေ ဖတ်သွားဦးမှာပါ ” လို့ ဆိုပါတယ်။
Ref; blinkist.com