လတ်တလော လူမှုကွန်ရက် စာမျက်နှာပေါ်တွေမှာတော့ ထိုင်းနိုင်ငံ မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ ကလေးတွေရဲ့ သတင်းတွေနဲ့ ပတ်သက်ပြီး လူတိုင်း စိတ်ဝင်စားနေကြပါတယ်။ အခုချိန်မှာတော့ ဂူထဲ ပိတ်မိနေတဲ့ ကလေးအချို့ကို အပြင်ကို ပြန်လည် ကယ်ထုတ်နိုင်နေပြီလည်း ဖြစ်ပါတယ်။
ကမ္ဘာတဝန်းက ဒီအကြောင်းနဲ့ပတ်သက်ပြီး စိတ်ဝင်စားမှုမြင့်တက်နေတဲ့အချိန်မှာ မြန်မာနိုင်ငံက ပရဟိတ မင်းသားကြီး ဝေဠုကျော်ကို မြန်မာနိုင်ငံမှာ ဒီလိုအဖြစ်မျိုးကြုံလာခဲ့ရင်ရော ဘယ်လိုရင်ဆိုင်ကြမလဲဆိုတာကို ဧရာဝတီက မေးမြန်းတဲ့အခါ အခုလို ဆိုပါတယ်။
“ထိုင်းနိုင်ငံကလို ဂူထဲမှာပိတ်မိနေတဲ့ ဖြစ်ရပ်မျိုး မြန်မာနိုင်ငံမှာ မဖြစ်တာတော့ အကောင်းဆုံးပေါ့။ ဖြစ်လာရင်လည်း ကျနော်တို့ ကူညီကယ်ဆယ်ရမှာပေါ့။ ကျနော်တို့နိုင်ငံမှာလည်း ဒီလိုမျိုး ကူညီ ကယ်ဆယ်နိုင်တဲ့သူတွေ ရှိပါတယ်။ ကျနော်တို့ကိုယ်တိုင်လည်း ထိုင်းမှာ ရေအောက် ကယ်ဆယ်ရေးသင်တန်းကို ထိုင်းမှာ အောင်ပြီးသားပါ” လို့ ဝေဠုကျော်က ပြောပါတယ်။
“အခုဖြစ်တဲ့ အချိန်မှာကျနော်ကို ဆရာတွေခေါ်ပါတယ်။ ဒါပေမယ့်ကျနော်ဒီဘက်မှာ အမျိုးသမီးရေးရာပွဲ ကဖို့က တောက်လျှောက် တိုက်နေရတာကြောင့် မသွားနိုင်ခဲ့ဘူး။ အတွေ့အကြုံရမယ် အန္တရာယ်တော့ကြီးတယ်။ အတွေ့အကြုံ ရအောင် လာခဲ့ပါ ပြောတယ်။ ကျနော်မသွားနိုင်ခဲ့ပါဘူး။ မယ်ဆိုင်ဂူလိုမျိုး အန္တရာယ်ရှိတဲ့ နေရာတွေ မြန်မာနိုင်ငံမှာ ရှိနိုင်တယ်လို့ ထင်တာပဲ။ ဘာလို့လဲဆိုတောတွေ တောင်တွေရှိတယ်လေ။ အဲ့နေရာတွေအနှံ့ကိုလည်း ကျနော်တို့က မရောက်ဖူးဘူး”
“အကယ်လို့ ဒီမှာဖြစ်လာမယ်ဆိုရင် ကျနော်တို့နိုင်ငံမှာလည်း သူများနိုင်ငံလိုပဲ အားကျစရာကောင်းတာတွေ အများကြီး ရှိပါတယ်။ သူတို့ဆီမှာလည်း ဖြစ်တာနဲ့ ရဲ ၊ စစ်တပ်၊မီးသတ်၊ကြက်ခြေနီ၊ ကယ်ဆယ်ရေး အဖွဲ့တွေရော၊ တပ်မတော် အကုန်လုံးကလာပြီး အလုပ်လုပ်ကျတယ်။ ကျနော်တို့ဆီမှာလည်း အကုန်လုံးက လုပ်ပါတယ်။ တခုပဲ ကျနော်တို့ဆီမှာ ကွာဟတာက နည်းပညာအားနည်းပါသေးတယ်။ အထောက်အကူပြု ပစ္စည်းတွေ အများကြီးနည်းပါသေးတယ်။ အထောက်အကူပြုပစ္စည်း တွေမရှိတာဟာ ပုဂ္ဂလိက ပရဟိတ အသင်းတွေမှာ မရှိသလိုနိုင်ငံတော်မှာလည်း အားနည်းနေပါတယ်။ ပိုရှိစေချင်ပါတယ်” လို့ ဝေဠုကျော် က ပြောပါတယ်။
မြန်မာနိုင်ငံက ဖွံဖြိုးဆဲနိုင်ငံဖြစ်တာကြောင့် အစိုးရကိုချည်း အားမကိုးဘဲ ပြည်သူတွေကလည်း အစိုးရညွှန်ပြတဲ့ ညွှန်ကြားတဲ့ လမ်းကြောင်းတွေမှာ လိုက်ပြီးကြိုးစားဖို့လိုကြောင်း ပြောပါတယ်။
“ထိုင်းက ကျနော်တို့နိုင်ငံထက် ဖွံဖြိုးတဲ့နိုင်ငံဖြစ်နေတယ်။ ကျနော်တို့နိုင်ငံက ဖွံ့ဖြိုးဆဲနိုင်ငံလေ။ နိုင်ငံတော်အစိုးရ ကိုယ်တိုင်ကိုက ဒီကယ်ဆယ်ရေးတင်မဟုတ်ပါဘူး။ အခြားသော တရားဥပဒေစိုးမိုးရေးရော နိုင်ငံလုံခြုံရေးရော နိုင်ငံရဲ့ တိုးတက်ရေးရော ဒီလောက်ပဲ သူတို့လည်း ကြည့်နိုင်မှာပါ။ ဒါကို ကျနော်တို့နည်းတယ်လို့ ပြောလို့မရသေးပါဘူး။ သူများ နိုင်ငံထက်စာရင်တော့ နည်းတယ်ပြောလို့ရတယ်”
“သူတို့နိုင်ငံလောက် ကျနော်တို့နိုင်ငံက တိုးတက်သွားပြီလား။ နိုင်ငံတော်က လုပ်ပေးနိုင်သလောက်လေး လုပ်ပေးတာကို အင်အားယူပြီး ကျနော်တို့ကိုယ်တိုင်က ကြိုးစားရမှာပေါ့။ ကြိုးစားရမှာက ကယ်ဆယ်ရေး လုပ်ငန်းတင်မဟုတ်ပါဘူး။ အခြားသောစီးပွားရေး၊ လူမှုရေး ၊နိုင်ငံအရေးတွေမှာလည်း အားလုံးဝိုင်းပြီး ကြိုးစားဖို့လိုပါတယ်” လို့ ဝေဠုကျော်က ဆိုပါတယ်။
“အစိုးရကိုပဲ အားကိုးပြီးတော့ ကိုယ်တွေက ရေသာခိုပြီး လိုက်နေလို့မရပါဘူး။ နိုင်ငံတော်အစိုးရရဲ့ သူတို့ညွှန်ပြတဲ့ သူတို့ညွှန်ကြားတဲ့ လမ်းကြောင်းတွေပေါ်မှာလိုက်ပြီးကြိုစားဖို့လိုအပ်ပါတယ်။ အဲ့ဒါဆို ကျနော်တို့နိုင်ငံလည်း အရင်က ထက်စာရင် တိုးတက်လာမှာပေါ့” လို့ ဆိုပါတယ်။
ဝေဠုကျော်ဟာ ၂၀၀၉ခုနှစ်ကစပြီး လူမှုအကျိုးပြုအလုပ်တွေကို လုပ်ကိုင်ဖို့ “ဝေဠုကျော်ဖောင်ဒေးရှင်း” ကိုစပြီး တည်ထောင်ခဲ့သူတဦးဖြစ်ပါတယ်။ “ဝေဠုကျော်ဖောင်ဒေးရှင်း” က မြန်မာနိုင်ငံရဲ့ သဘာဝဘေးအန္တရာယ် ကျရောက်နေတဲ့ ဘယ်နေရာဒေသမဆို လိုက်လံပြီးကူညီကယ်ဆယ်ပေးနေတဲ့ အသင်းအဖွဲ့တခုလည်း ဖြစ်ပါတယ်။