ဟောလိဝုဒ်မှ အဖွဲ့တခုဟာ ကမ္ဘာ့အစွန့်စားရဆုံးကယ်ဆယ်ရေး လုပ်ငန်းကို လုပ်ဆောင်နေရတဲ့ ထိုင်း-မြန်မာ နယ်စပ်က ဂူတည်ရှိရာ တောင်ခြေကို ရောက်ရှိနေကြတယ်လို့ Daily Mail မီဒီယာမှာ ဖော်ပြပါတယ်။
အမေရိကန် ထုတ်လုပ်သူနှစ်ဦးဟာ ကမ္ဘာ့ရုံဝင်ငွေအောင်မြင်မှုရရှိစေဖို့ မျှော်မှန်းထားပြီး “တောဝက်လူငယ်” ဘောလုံး အသင်းနဲ့ သူတို့ရဲ့ နည်းပြအကြောင်း ရိုက်ကူးမယ့် ရုပ်ရှင်ပရောဂျက် ဇာတ်လမ်းကို အကောင်အထည် ဖော်နေပြီလို့ ဆိုပါတယ်။
Pure Flix ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ စီမံခန့်ခွဲရေးမှူး Michael Scott က “ဒီအကြောင်းကို A အဆင့်ရှိ သရုပ်ဆောင်တွေနဲ့ ဟောလိဝုဒ်ရုပ်ရှင်ကားကြီး တကားအနေနဲ့ မြင်ထားပါပြီ” လို့ ပြောဆိုထားပါတယ်။
Scott နဲ့ ပူးတွဲထုတ်လုပ်ရေးမှူး Adam Smith တို့ဟာ လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်ကျော်လောက်က ဂူတွင်း ရေကြီးမှုကြောင့် ပိတ်မိနေခဲ့တဲ့ လူ ၁၃ ယောက် အဖွဲ့ကို ကယ်ဆယ်ရေးလုပ်ဆောင်နေတဲ့ ထမ့်လုံ လိုဏ်ဂူပတ်ဝန်းကျင်မှာ ကနဦး တွေ့ဆုံမေးမြန်းမှု တွေလုပ်ဆောင်နေပါတယ်။
Scott နဲ့ Smith တို့ဟာ ဇာတ်ညွှန်းရေးဆရာ တယောက်ကိုခေါ်လာဖို့၊ နိုင်ငံခြားသား ကယ်ဆယ်ရေးသမား အဖွဲ့ထဲက အဓိက လုပ်ဆောင်နေသူတွေ၊ ဂူအတွင်းပိတ်မိနေသူတွေ နဲ့ သူတို့ရဲ့ မိသားစုတွေကို တွေ့ဆုံ မေးမြန်းဖို့နဲ့ သူတို့ရဲ့ ဇာတ်လမ်းကို အလုံးစုံ ရိုက်ကူးခွင့် တောင်းခံဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
အခုလိုမျိုးအချိန်မှာ ရိုက်ကူးရေးအတွက် လုပ်ဆောင်နေရတာဟာ အကဲဆတ်နိုင်ပါသလားဆိုတဲ့ မေးခွန်းကိုတော့ Smith က “တခြားထုတ်လုပ်ရေး ကုမ္ပဏီတွေက လာတော့မှာမို့လို့ ကျနော်တို့က မြန်မြန်လေး လုပ်ရတာပါ” လို့ ပြောကြားခဲ့ပါတယ်။
အသက် ၁၁ နှစ်ကနေ ၁၆ နှစ်အထိ ရှိတဲ့ ယောကျာ်းလေး ၈ ဦးကို ကျဉ်းမြောင်းပြီး ရွှံ့ထူတဲ့ ရေတောထဲဖြစ်ပြီး ရေငုပ်သမားတွေက မြေပေါ်ကို အောင်မြင်စွာ ခေါ်ဆောင်နိုင်ခဲ့ပြီး ဖြစ်ပါတယ်။
အဲဒီလိုခေါ်ဆောင်နိုင်ဖို့အတွက် ရေငုပ်သမားတွေဟာ အသွားအပြန် ၁၁ နာရီလောက်ကြာမြင့်တယ်လို့ ဆိုပါတယ်။ ကျန်ရှိတဲ့ ယောကျာ်းလေးတွေနဲ့ နည်းပြကို ကယ်ဆယ်ရေးအတွက် နောက်ထပ်ကယ်ထုတ်ဖို့ ကြိုးပမ်းမှုကိုတော့ ဇူလိုင်လ ၁၀ ရက်နေ့ နှောင်းပိုင်းမှာ လုပ်ဆောင်မှာဖြစ်ပါတယ်။
ထိုင်းအာဏာပိုင်တွေက ဦးဆောင်ထားတဲ့ ကယ်ဆယ်ရေးအဖွဲ့မှာတော့ သြစတေးလျနိုင်ငံသားတွေနဲ့ ဝါရင့်ရေငုပ် ကယ်ဆယ်သူ Adelaide မြို့မှ မေ့ဆေးဆရာဝန် Dr Richard Harris တို့ အပါအဝင် နိုင်ငံခြားသား တော်တော်များများလည်း ပါဝင်ပါတယ်။
ထိုင်းနိုင်ငံသူနဲ့လက်ထပ်ထားပြီး ထိုင်းနိုင်ငံမှာ တနှစ်ကို ၃ လောက် လာနေတတ်တဲ့ Scott က တွေ့ဆုံ မေးမြန်းစဉ်အတွင်း မှာ လူတွေကို ဖိအားပေးမှာ မဟုတ်ဘူးလို့ဆိုပါတယ်။
သူက “ငုတ်တုတ်ထိုင်ပြီးတော့ ဘာတွေတကယ်ဖြစ်နေတယ်ဆိုတာကိုပဲ အတွင်းကျကျ မေးမြန်းဖို့ သူတု့ိကို ပြောထား ပါတယ်” လို့ ပြောကြားထားပါတယ်။ Pure Flix ရုပ်ရှင်ထုတ်လုပ်ရေးဟာ အမေရိကန်နိုင်ငံ အာရီဇိုးနားပြည်နယ်မှာရှိတဲ့ Scottsdale မြို့နဲ့ လော့စ်အင်ဂျလိစ်မြို့တို့မှာ အခြေစိုက်ပြီး သူတို့ကုမ္ပဏီဟာ ယုံကြည်မှုနဲ့ မိသားစုထုတ်လုပ်ဖြန့်ချိရေး ရုပ်ရှင်ကုမ္ပဏီလို့ ဖော်ပြလေ့ရှိပါတယ်။
သူတို့ထုတ်လုပ်ခဲ့ဖူးတဲ့ ရုပ်ရှင်ကတော့ ၂၀၁၄ ခုနှစ်တုန်းက ဒေါ်လာ ၂ သန်း ကုန်ကျခဲ့ပြီး တကမ္ဘာလုံးကနေ ဝင်ငွေ ဒေါ်လာ သန်း ၇၀ နီးပါး ရရှိခဲ့တဲ့ ရုပ်ရှင် ဖြစ်ပါတယ်။
ပိတ်မိနေတဲ့ ယောကျာ်းလေးတွေကို ပထမဆုံးရှာတွေ့ခဲ့တဲ့ ဗြိတိသျှရေငုပ်သမား နှစ်ယောက်ကို အခြေအတည်မယ့် လိုဏ်ဂူကယ်ဆယ်ရေး ဇာတ်လမ်းဟာ Pure Flix အတွက် အပြည့်စုံဆုံး ပရောဂျက် ဖြစ်တယ်လို့ဆိုပါတယ်။
ဇူလိုင်လ ၉ ရက်နေ့ နှောင်းပိုင်းမှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုအတွင်းမှာ Scott က “တကယ့်ကိုပဲ အားကျ အတုယူဖွယ် ဇာတ်လမ်းသဘောမျိုးနဲ့ ကျနော်တိုရဲ့ အခြေခံချက်တွေနဲ့ ကိုက်ညီပါတယ်။ ထူးခြားပြောင်မြောက်တဲ့ နှလုံးသား၊ ထူးခြား ပြောင်မြောက်တဲ့ သူရဲကောင်းဆန်တဲ့ လုပ်ရပ်နဲ့ သတ္တိတို့ ပါဝင်ပါတယ်။ ထူးခြားတဲ့ အကြောင်းအရာတခု ဖြစ်ရုံသာမက ကမ္ဘာတဝန်းက လူသန်းပေါင်းများစွာကို လေးစားအားကျစေမယ်လို့ ကျနော်ထင်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ဘန်ကောက်မြို့မှာရှိတဲ့ KAOS Entertainment အတွက် အလုပ်လုပ်ကိုင်နေတဲ့ Smith က “နိုင်ငံရေးမပါဘူး။ အကွက်ချ စီစဉ်တာမပါဘူး။ လူတိုင်းဟာ တသွေးတည်းတသားတည်းပါ။ လူတိုင်းဟာ သူတို့အတွက် ရပ်တည်ကြပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
နာမည်ရ ဇာတ်ညွှန်းရေးဆရာ တဦးကို ထုတ်လုပ်ရေးအဖွဲ့ထဲ ထည့်သွင်းပြီးပါက ရုပ်ရှင်ထုတ်လုပ်ရေး လုပ်ငန်းတွေကို ၂၀၁၉ ခုနှစ်နှောင်းပိုင်းမှာ စတင်နိုင်လိမ့်မယ်လို့ Scott က ခန့်မှန်းထားပါတယ်။
Ref:dailymail