ထိုင်း မြန်မာ နယ်စပ်က မယ်ဆိုင်ဂူထဲမှာ ပိတ်မိနေတဲ့ကလေး ၁၃ ယောက်ရဲ့သတင်းဟာ ကမ္ဘာတဝန်းက စာဖတ်သူ တော်တော်များများကို စိတ်ဝင်တစား ဖြစ်စေခဲ့သလို နောက်ဆက်တွဲသတင်းတွေကလည်း လှုပ်လှုပ်ရှားရှားဖြစ်စေခဲ့ပါတယ်။ ဒီအထဲကမှ အသက်ဆုံးရှုံးခံခဲ့ရတဲ့ ထိုင်းက ရေငုပ်တပ်ကြပ်ကြီး Saman Gunan အတွက်လည်း စိတ်မကောင်းဖြစ်နေကြမှာ အမှန်ပါပဲ။
သူဟာ အသက် ၃၈ နှစ်ရှိပြီဖြစ်ပြီး Thai Navy Seal မှာ တာဝန်ထမ်းဆောင်ခဲ့ပါတယ်။ ပရဟိတလုပ်ငန်းတွေ လုပ်ကိုင်ရတာ နှစ်ခြိုက်တဲ့ Saman ဟာ ဂူထဲမှာပိတ်မိနေတဲ့ကလေး ၁၃ ယောက်ကို ကယ်ဆယ်ဖို့ ကြိုးစားရင်း အပြန်မှာ အောက်ဆီဂျင်ပြတ်ကာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သူနဲ့အတူ ပါလာတဲ့ အဖော်က CPR ပေးဖို့ကြိုးစားပေမယ့် Saman ရဲ့အသက်ကို မမှီခဲ့ပါဘူး။ သူ့ရဲ့အနစ်နာခံ ကယ်ဆယ်ခဲ့မှုတွေအတွက် ကျန်ရစ်သူမိသားစုအပေါ်လည်း အားနာ သနားမှုတွေကို လူအများ ခံစားရမှာ ဖြစ်ပါတယ်။
သေဆုံးသူ Saman ရဲ့ ဇနီးပြောပြချက်အရ သူဟာ ပရဟိတလုပ်ငန်းကိုစိတ်ပါဝင်စားသလို မိသားစု အပေါ်မှာလည်း အလေးထားသူတယောက်ဖြစ်ပါတယ်။ အလုပ်မသွားခင် ဇနီးဖြစ်သူကို အမြဲနှုတ်ဆက်လေ့ ရှိသလို မိန်းမဖြစ်သူကိုလည်း ဂရုတစိုက်နဲ့မေးမြန်းလေ့ရှိပါတယ်။
ဘဝက မသေချာ မရေရာဘဲ ဘယ်နေ့သေမယ်ဆိုတာ ကြိုမသိနိုင်တာကြောင့် နေ့ရက်တိုင်းကို ပျော်ပျော်ရွှင်ရွှင်နေဖို့ သူ့မိန်းမကို ပြောလေ့ရှိတယ်လို့ သိရပါတယ်။
ဒီလို စိတ်သဘောထား ကောင်းမွန်တဲ့ Saman ဟာ သူမအတွက်တော့ သူရဲကောင်းပါပဲလို့ ဆိုပါတယ်။ သူရဲ့အသုဘ အခမ်းအနားကိုလည်း ခမ်းခမ်းနားနား ပြုလုပ်ပေးခဲ့ပြီး ကျန်ရစ်သူတွေရဲ့ ရင်ထဲမှာတော့ သူဟာ သူရဲကောင်း တယောက်အဖြစ် ထင်ကျန်ရစ်ခဲ့မှာပဲ ဖြစ်ပါတယ်။