Trend

ကွယ်လွန်သူ ဦးရဲလွင်အတွက် အနုပညာရှင်များရဲ့ ဝမ်းနည်းစကားသံများ

Want create site? Find Free WordPress Themes and plugins.

“ပန်းရဲ့လမ်း”အဖွဲ့ ဦးဆောင်သူလည်း ဖြစ်၊ မဇ္ဈိမလှိုင်းရဲ့ ပဲကိုင်ရှင်တဦးလည်း ဖြစ်သူ ဦးရဲလွင်ဟာ ယနေ့၊ ဇူလိုင် ၁၀ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်က ရန်ကုန်ဆေးရုံ ကုတင် ၅၀၀ ကုသဆောင်မှာ ဆေးရုံမှု ခံယူရင်း ကွယ်လွန်သွားပြီလို့ သိရပါတယ်။ ဦးရဲလွင် (ပန်းရဲ့လမ်း) ဟာ အသည်းမကောင်းတဲ့ အပြင် အစား မစားနိုင်တာကြောင့် ဇွန်လ ၅ ရက်နေ့ကတည်းက စတင်ပြီး ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှာ ဆေးကုမှုခံယူခဲ့တာ ဖြစ်ပါတယ်။

ကွယ်လွန်သွားတဲ့ ဦးရဲလွင်အတွက် ဂီတ အနုပညာအသိုင်းအဝိုင်းက ဝမ်းနည်းစကားများကို ဧရာဝတီက စုစည်း ဖော်ပြပေးလိုက်ပါတယ်။

ဂစ်တာ ကိုရန်နိုင်

 

 

“အခုလိုကွယ်လွန်သွားတော့ ကျနေ်ာအရမ်းဝမ်းနည်းမိပါတယ်။ကျနော် သိတောင် မသိဘူး။ ခရီးသွားနေတာပါ။ ကျနော်နဲ့ ကိုရဲနဲ့ အမှတ်တရတွေလည်း အများကြီးရှိပါတယ်။ အခုလိုကြယ်တပွင့် ကြွေလွင့်သွားတော့ ကိုယ်ပိုင်သံစဉ်တွေ ရေးသားတဲ့ သူတယောက်ဆုံးရှုံးရတာပေါ့” လို့ ဂစ်တာ ကိုရန်နိုင်က ဧရာဝတီကို ဆိုပါတယ်။

အဆိုတော် ကိုသားထွေး

 

 

“ကိုရဲ ကွယ်လွန်သွားတော့ နှမြောတယ်။ဝမ်းနည်းရတာပေါ့ဗျာ ၊ အစ်ကို မနက်ဖြန် ပင်လုံညီလာခံ စပြီလေ။ မစောင့်တော့ဘူးလားဗျာ၊ မငြိမ်းချမ်းသေးဘူးလေ အစ်ကို” လို့လည်း အဆိုတော် ကိုသားထွေးက ဦးရဲလွင် ကွယ်လွန်မှု အတွက် ဝမ်းနည်းစကား ဆိုပါတယ်။

တေးရေး၊ တေးဆို ဆောင်းဦးလှိုင်

 

 

“ဦးရဲရေ ကျနော့်စိတ်၊ ကျနော့် မှတ်ဉာဏ်၊ ကျနော့် အသိတရားတွေထဲမှာ ဦးရဲ ထာဝရရှိနေမှာပါ။ ကျနော် ရိုသေစွာ ရှိခိုးဦချ ကန်တော့ရင်း လေးစားစွာ အလေးပြုလိုက်ပါတယ်။ လမ်းပြပေးခဲ့သမျှ ဦးဆောင်ပေးခဲ့သမျှတို့ အတွက် ကျေးဇူးပါ” လို့လည်း အဆိုတော် ဆောင်းဦးလှိုင်က ဝမ်းနည်းစကား ဆိုထားပါတယ်။

အဆိုတော် မီမီဝင်းဖေ

 

 

“ဖုန်းသံမြည်တိုင်း ဒီအသိုင်းအဝိုင်းက လူတွေရဲ့နံပါတ် မဟုတ်ပါစေနဲ့လို့ ဆုတောင်းမိတယ်။ ဖုန်းဝင်လာတော့ အသက်အရင်ရူပြီး စိတ်တည်ငြိမ်အောင်ထားလိုက်တယ်။ဖုန်းဖြေလိုက်တယ်။ ကြားရမယ့် သတင်းကိုတည်တည် ငြိမ်ငြိမ် နားထောင်တယ်။ဘုရားစင်ရှေသွား ဆုတောင်းအမျှဝေပေးပါတယ်။ တောက်လျှောက် ဆုတောင်းမေတ္တာ ပို့ပေးခဲ့ရသလို ဆက်ပြီးပို့ပေးနေဦးမှာပါ။ လုပ်ပေးနိုင်တာ ဒါပါပဲလေ။ ကောင်းရာသုဂတိ လားပါစေ ကိုရဲကြီး” လို့ အဆိုတော် မီမီဝင်းဖေက ဆိုထားပါတယ်။

ဒီမိုကရေစီခရီးကြမ်း တလျှောက်လုံးမှာ တေးဂီတနဲ့ တိုင်းပြည်ကို အလုပ်အကျွေးပြုခဲ့တဲ့ ဦးရဲလွင်ဟာ “ပန်းရဲ့လမ်း” ငြိမ်းချမ်းရေး တေးဂီတအဖွဲ့နဲ့ စစ်ဘေးသင့်ဒေသကပြည်သူတွေအတွက် သူ့ရဲ့အနုပညာနဲ့ အလှူခံရင်း ပရဟိအလုပ်တွေ ဆက်တိုက် လုပ်ဆောင်ခဲ့သူ တဦးလည်း ဖြစ်ပါတယ်။

ဦးရဲလွင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ်အရွယ် ရှိပြီ ဖြစ်ပါတယ်။ ဦးရဲလွင်ရဲ့ ကျန်ရှိတဲ့ ရုပ်ကလာပ်ကို ဇူလိုင် ၁၄ ရက်၊ စနေနေ့ မွန်းလွဲ ၁နာရီမှာ ရန်ကုန်မြို့ ရေဝေးသုသာန်မှာ ဂူသွင်း သဂြိုဟ်မှာ ဖြစ်ပါတယ်။

Did you find apk for android? You can find new Free Android Games and apps.
Loading