စွန့်ပစ်ပစ္စည်းတွေရဲ့အန္တရာယ်ကို သတိပြုမိလာတာနဲ့အမျှ ပတ်ဝန်းကျင်ကို ထိခိုက်စေတဲ့ ပလတ်စတစ် သုံးစွဲမှုကို လျော့ချလာကြပါတယ်။
ကမ္ဘာတဝှမ်းက စားသောက်ဆိုင်ကြီးတွေမှာ ပလတ်စတစ် အစားထိုး သုံးစွဲလာကြသလို အခုနောက်ပိုင်း Fast Food ဆိုင်တွေမှာပါ ပလတ်စတစ် သုံးစွဲမှုကို လျော့ချနေပါပြီ။ ဒီထဲကမှ ကမ္ဘာတဝှမ်း ဆိုင်ခွဲများစွာ ဖွင့်လှစ်ထားတဲ့ Starbucks ကော်ဖီဆိုင်ကလည်း ၂၀၂၀ ပြည့်နှစ် အရောက်မှာ တခါသုံး ပလတ်စတစ်ပိုက် မသုံးစွဲတော့ဘူးလို့ ဆိုပါတယ်။
၂၀၂၀ ပြည့်နှစ်ကျရင် ကမ္ဘာတဝှမ်းမှာ ဖွင့်လှစ်ထားတဲ့ ဆိုင်ခွဲတိုင်းမှာ တခါသုံး ပလတ်စတစ် ပိုက်တွေ သုံးစွဲမှာ မဟုတ်တော့ဘူးလို့ Starbucks ခေါင်းစဉ်အောက်မှာ လိုင်စင်ရ ဆိုင်ခွဲပေါင်း ၂၈,၀၀၀ ကျော်ရှိတဲ့ ကော်ဖီ ကုမ္ပဏီကြီးက ကြေညာလိုက်တာပါ။
တခါသုံး ပလတ်စတစ်ပိုက် နေရာမှာ ပတ်ဝန်းကျင်ကို ထိခိုက်မှု မရှိတဲ့ တခြားပစ္စည်းတွေနဲ့ အစားထိုးသွားမှာပါ။ “Starbucks က တခါသုံး ပလတ်စတစ်ပိုက် မလိုတဲ့ အဖုံးပါတဲ့ ဘူးတွေကို ဒီဇိုင်းဆွဲထားပြီးသားပါ။ ဒီဇိုင်းအသစ်က ကော်ဖီရော၊ အအေးရော အတွက်ပါ အဆင်ပြေမယ့်ပုံစံပါ။ လောလောဆယ်တော့ အမေရိကန်နဲ့ ကနေဒါမှာ ရှိတဲ့ ဆိုင်ပေါင်း ၈၀၀၀ ကျော် မှာ စတင်သုံးစွဲနေပါပြီ” လို့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။
အာရှတိုက်မှာလည်း တရုတ်၊ ဂျပန်၊ စင်ကာပူ၊ ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတွေမှာ အသုံးပြုဖို့ စီစဉ်ထားပါတယ်။ တချို့ စားသုံးသူတွေကလည်း ပိုက်နဲ့သောက်ရမှ ပိုအကြိုက်တွေ့လို့ ပလတ်စတစ်အစား စက္ကူ၊ ပြန်လည်အသုံးပြုနိုင်တဲ့ ပလတ်စတစ် ပိုက်မျိုးနဲ့ နောက်ပိုင်း လုပ်သွားဖို့ရှိပါတယ်။
၂၀၂၀ ပြည့်နှစ်မှာ ပလတ်စတစ် လျော့ချရေးအတွက် ကြိုးစာနေတဲ့ အစားအသောက်ဆိုင်ကြီးတွေထဲမှာ Starbucks လည်း တခု ပါဝင်လာတာပါ။ ဒါ့အပြင် ဆွီဒင်နိုင်ငံရဲ့ နာမည်ကျော်ကုမ္ပဏီတခုဖြစ်တဲ့ IKEA က လည်း ၂၀၂၀ ပြည့်နှစ်မှာ တခါသုံး ပလတ်စတစ်နဲ့ ပတ်သက်တဲ့ ထုတ်ကုန်တွေ ရောင်းချနေမှုကို ရပ်ဆိုင်းတော့မယ်လို့ ကြေညာခဲ့ပါသေးတယ်။
စားသောက်ကုန် ကုမ္ပဏီကြီးတခုဖြစ်တဲ့ McDonald’s ကလည်း ဒီနှစ် စက်တင်ဘာလကစလို့ UK နဲ့ အိုင်ယာလန် နိုင်ငံတွေမှာ တခါသုံး ပလတ်စတစ်ပိုက်အစား စက္ကူပိုက်တွေကို အစားထိုး အသုံးပြုတော့မယ်လို့ အရင်လက ကြေညာခဲ့ပါတယ်။
Ref: CNA