ပြီးခဲ့တဲ့ ဇူလိုင်လ ၁၀ ရက်နေ့မှာတော့ ကမ္ဘာကြီးဟာ ထူးခြားတဲ့ တိရိစ္ဆာန်တကောင်ကို ဆုံးရှုံးလိုက်ရပြီ ဖြစ်ပါတယ်။ ရုပ်ရည် ပုံပန်းသွင်ပြင် ဆိုးပေမယ့် လူတွေရဲ့ ချစ်ခင်နှစ်သက်မှုကို ပိုင်ဆိုင်ခဲ့တဲ့ ခွေးလေး Zsa Zsa ကို ချစ်ခင်ကြသူတွေက စိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။
အဲဒီ အင်္ဂလိပ် ခွေးဘီလူးလေးဟာ လွန်ခဲ့တဲ့ သီတင်းပတ် တော်တော်များများလောက်က အမေရိကန် ပြည်ထောင်စု၊ ကယ်လီဖိုးနီးယားပြည်နယ်၊ Petaluma မြို့မှာ ပြုလုပ်ခဲ့တဲ့ Sonoma-Marin ပြပွဲမှာ “ကမ္ဘာ့ရုပ်အဆိုးဆုံးခွေး” ဆိုတဲ့ သရဖူကို ရရှိခဲ့တာဖြစ်ပါတယ်။
ခွေးလေး Zsa Zsa ရဲ့ ပိုင်ရှင် Megan Brainard ကတော့ ပြီးခဲ့တဲ့ ဇူလိုင်လ ၉ ရက်နေ့ညမှာပဲ သူဟာ ငြိမ်းငြိမ်းချမ်းချမ်း သေဆုံးခဲ့တာဖြစ်တယ်လို့ Today မီဒီယာကို ပြောကြားခဲ့ပါတယ်။
Brainard က “ကျမ ထိတ်လန့်တုန်လှုပ်မိနေတုန်းပါ။ ကျမ ကမ္ဘာ့ရုပ်အဆိုးဆုံးခွေးပြိုင်ပွဲမှာ အနိုင်ရရှိတုန်းက လိုမျိုးပါပဲ။ နှစ်ပတ်လောက် ကြာသွားပြီဖြစ်ပေမယ့် ကျမ ယုံကြည်လို့ မရသေးပါဘူး။ အခု သူသေသွားတာနဲ့ ခံစားချက် အတူတူပါပဲ” လို့ ပြောကြားခဲ့ပါတယ်။
ခွေးလေး Zsa Zsa ဟာ နာမည်ကျော်ကြားဖို့ မွေးဖွားလာတာ ဖြစ်ပြီး ဓာတ်ပုံထဲမှာ ကြည့်ကောင်းတဲ့အပြင် သူနေရတဲ့ အခြေအနေနဲ့ ပတ်ဝန်းကျင်ကို လက်ခံနိုင်ကြောင်း၊ ခွေးလေးတွေကို ခြံခတ်ထားတာ ရပ်တန့်ဖို့ ရှေ့တန်းကနေ ပါဝင်ခဲ့တဲ့ ခွေးလည်း ဖြစ်တဲ့အကြောင်း ပိုင်ရှင်မိသားစုက ပြောကြားထားပါတယ်။
ဟန်ဂေရီနွယ်ဖွား အမေရိကန်နိုင်ငံသူ မင်းသမီး Zsa Zsa Gabor ရဲ့ နာမည်ကိုအစွဲပြုထားတဲ့ ခွေးလေးကို သူ ၅ နှစ်လောက် နေခဲ့ရတဲ့ ခွေးခြံတခုထဲကနေ ကယ်ဆယ်ခဲ့ရတာပါ။
အခုလို အချစ်တော်ခွေးလေး သေဆုံးခဲ့တာနဲ့ ပတ်သက်လို့ ပိုင်ရှင် Brainard က “ကျမ Zsa Zsa ကို ကောက်ပြီး အပြင်ကို ထုတ်ယူခဲ့တယ်။ ပြီးတော့ မြက်ခင်းထဲမှာ မြှုပ်နှံခဲ့တယ်။ ကျမတို့အားလုံးက သူ့ကို နှုတ်ဆက်လိုက်ပြီး သမီးလေး Mareslie က သူ့ဆီကိုသွားပြီး အနမ်းပေးလိုက်ပါသေးတယ်။ တကယ့်ကို ချိုမြပါတယ်။ သူက သမီးလေးကို လက်ပြနှုတ်ဆက် နေခဲ့ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။
ခွေးလေး Zsa Zsa ရုပ်အဆိုးဆုံး ချန်ပီယံဆုကို ရရှိချိန်မှာ အသက် ၉ နှစ်ရှိနေပြီဖြစ်ပါတယ်။
Ref: etcanada