“ပန်းရဲ့လမ်း” အဖွဲ့ဦးဆောင်သူလည်းဖြစ် ၊မဇ္ဈိမလှိုင်းရဲ့ ပဲ့ကိုင်ရှင်တဦးလည်းဖြစ်သူ ဦးရဲလွင်ဟာ ဇူလိုင်လ ၁၀ ရက်နေ့ ညနေ ၄ နာရီ ၁၀ မိနစ်က ရန်ကုန်ဆေးရုံ ကုတင်၅၀၀ ကုသဆောင်မှာ ဆေးကုသခံရင်း ကွယ်လွန်သွားခဲ့ပြီ ဖြစ်ပါတယ်။
ကွယ်လွန်သွားတဲ့ ဦးရဲလွင်အတွက် ဦးရဲလွင်နဲ့ ပတ်သက်သူများရဲ့ ဝမ်းနည်းစကားများကို ဧရာဝတီက စုစည်း ဖော်ပြပေးလိုက်ပါတယ်။
ဦးဒီမျိုးချစ်(ပန်းရဲ့လမ်း အဖွဲ့ဝင်)
“ဦးတို့တင် မဟုတ်ဘူး ပြည်သူအားလုံးကလည်း ခံစားရမှာပဲ။ ဦးနဲ့ အမှတ်တရတွေကတော့ အများကြီးပဲပေါ့။ ပန်းရဲ့လမ်းကို သူဦးဆောင်ခဲ့တာ ၆နှစ်ကျော်ကာလကို တောက်လျှောက်ရေဘေးကယ်ဆယ်ရေး၊ စစ်ဘေးကိစ္စ တွေ၊ NLD အောင်နိုင်ရေးမှာ မှတ်တမ်းဝင်လောက်အောင် လုပ်တဲ့ကိစ္စတွေကို ခက်ခဲခဲ့မှုတွေနဲ့ အတူ ရင်ဆိုင်ပြီးတော့ သွားခဲ့တယ်။
အခုဖြစ်တာတွေက လမ်းမှာလည်း အစားအသောက်ဆင်းရဲတယ်။ အနေအထိုင်ဆင်းရဲတယ်။ ကြမ်းတမ်းတဲ့ ခရီးတွေ ကိုဖြတ်ကျော်ပြီးနိုင်ငံအတွက် အများကြီးလုပ်ပေးခဲ့တာပေါ့လေ။ အဲ့ဒဏ်တွေလည်း ပါမှာပေါ့။ အသက်ထွက်ခါနီးထိ သူ့ရဲ့ရောဂါကို ပဓာနမထားဘဲ လက်ရှိဖြစ်ပျက်နေတာကို အရမ်းစိတ်ဝင်စားတယ်။
သူ့ကို အစားစားဖို့မပြောနဲ့ ဒီနေ့ငြိမ်းချမ်းရေးကိစ္စတွေမှာ ဘာတွေဖြစ်နေလဲ အရမ်းစိတ်ဝင်စားတယ်။ ငါ ငြိမ်းချမ်းရေး ဆက်လုပ်ရမယ်။ ငါကို ဘာတွေဖြစ်နေလဲသာ ပြောပါ။ မင်းတို့ငြိမ်းချမ်းရေးကို ဆက်လုပ်ပါဆိုပြီး အဲ့စကားတွေကိုပဲ အထပ်ထပ် ပြောနေတယ်။ ဆုံးခါနီးထိ ဒါပဲပြောနေတယ်။ ကျန်တဲ့ဟာပြောရင် မောင်းထုတ်နေတယ်။ ဦးတို့ ရင်ထဲမှာ ဦးရဲလွင်ဆိုတာ အမြဲတမ်း ရှိတယ်။ ငါတို့ခေါင်းဆောင်ပဲ။ မနှုတ်ဆက်ဘူး။ သူ့ရဲ့ ဝိညာဉ်က ပန်းရဲ့လမ်းမှာ တောက်လျှောက် ဆက်ပါနေမှာပါပဲ”
ဦးတွတ်ကီ (မဇ္ဈိမလှိုင်း အဖွဲ့ဝင်)
မဇ္ဈိမလှိုင်းရဲ့ Band မှာနောက်ဆုံးသူနဲ့ ကျနော်နဲ့ ကျန်တာပေါ့လေ။ ကျနော်တို့ ခရစ်ယာန်လိုပြောရင်တော့ အချိန်တန်လို့ ပြန်ရတယ်ပေါ့။ သူ့အသိုင်းအဝိုင်းဖြစ်တဲ့ ကျနော်တို့တွေငြိမ်းချမ်းရေးကို တဖက်တလမ်းက ပါဝင်ကြဖို့ပါ။ သူကသိပ်စကား မပြောနိုင်ပေမယ့် “ငြိမ်းချမ်းရေး မရသေးဘူးနော်။ ငြိမ်းချမ်းရေး မရသေးဘူးနော်” ပဲ ပြောတယ်။
ဒေါ်နီလာသိန်း ( ဦးရဲလွင်ရဲ့ မိတ်ဆွေ)
ဦးရဲက တကယ့်ကို မေတ္တာရှင်ပေါ့နော်။ ကျမတို့နိုင်ငံအတွက် ငြိမ်းချမ်းဖို့ အေးချမ်းဖို့ကိုပဲ ပြောတယ်။ သူနေမကောင်းလို့ ဆေးရုံတက်နေရင်တောင် သူကိုဘာစားမလဲလို့ မေးရင်သူကို ဘာစားမလဲ ဆိုပြီးအစားနဲ့ ပတ်သက်ပြီး မပြောနဲ့တဲ့
ဒီငြိမ်းချမ်းရေးနဲ့ ပတ်သက်ပြီး ဘယ်သူတွေ ဘာလုပ်နေပြီလဲ။ ငြိမ်းချမ်းရေး အစည်းအဝေးကရော ဘယ်လိုလဲ။ ငြိမ်းချမ်းရေး အခြေအနေကရော ဘယ်လိုလဲ။ သူဆီ သွားတွေ့တိုင်း အဲ့တာတွေပဲ အမြဲတမ်းသူ့စိတ်ထဲမှာ ရှိတယ်။ ကျမတို့နိုင်ငံကို အရမ်းငြိမ်းချမ်းချင်တဲ့ဆန္ဒတွေ အရမ်းပြင်းပြနေတယ်။ သူကိုဆုံးရှုံးလိုက်ရတာ ကျမတို့မေတ္တာရှင်တယောက် လျော့ပါး သွားသလို ခံစားလိုက်ရပါတယ်”
ဒါရိုက်တာ ကြည်ဖြူသျှင်
“ဦးရဲကြီး” ရေ. . . . “အရှုံးမပေးနဲ့မိငယ်” သီချင်းကြားတိုင်း ” ပန်းခရမ်းပြာ” တွေနဲ့အတူ သတိရနေမှာပါ. . . ကျမတို့တွေ ရင်ထဲမှာ တာဝန်ကျေလွန်းတဲ့ အနုပညာသမားကြီး၊သူရဲကောင်းကြီးတယောက်အဖြစ် အမြဲတည်ရှိနေမှာပါ” လို့ သူ့ရဲ့ Facebook မှာ ရေးသားကာ ဝမ်းနည်းစကား ဆိုထားပါတယ်။
ဦးရဲလွင်ဟာ ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ်ရှိပြီဖြစ်ပြီး အသည်းမကောင်းတဲ့အပြင် အစားမစားနိုင်တာကြောင့် ရန်ကုန်ဆေးရုံကြီးကုတင်၅၀၀မှာ ဇွန်လ ၅ ရက်နေ့ ကတည်းက တက်ရောက် ကုသနေခဲ့တာ ဖြစ်ပါတယ်။ ဦးရဲလွင်ရဲ့ ကျန်ရှိတဲ့ ရုပ်ကလာပ်ကိုတော့ ဇူလိုင် ၁၄ ရက်နေ့၊ မွန်းလွဲ ၁ နာရီမှာ ရန်ကုန်မြို့ရှိ ရေဝေးသုသာန်မှာ ဂူသွင်း သဂြိုဟ်မှာ ဖြစ်ပါတယ်။