လက်ရှိမှာ ထိုင်းနိုင်ငံက လူငယ် ၁၃ ဦး မယ်ဆိုင်ဂူထဲ ပိတ်မိပြီး ထိုင်းအစိုးရက သူတို့ကို အောင်မြင်စွာနဲ့ အပြင်ကို ကယ်ထုတ်နိုင်ခဲ့တဲ့ သတင်းက ကမ္ဘာတဝန်းမှာ စိတ်ဝင်စားမှု အများဆုံး ဖြစ်နေပါတယ်။ အဲဒီအကြောင်းကို အမေရိကန် နိုင်ငံကတောင် ရုပ်ရှင်ဇာတ်ကားအဖြစ် ပြန်လည်ရိုက်ကူးဖို့အတွက်လည်း ပြင်ဆင်နေပြီလို့ သိရပါတယ်။
ကလေးငယ်တွေကို ဂူအတွင်းမှာ အချိန်ကာလ ၁၀ ရက်ကြာ ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး ထိုင်းအစိုးရ အပါအဝင် နိုင်ငံတကာက ကယ်ဆယ်ရေးသမားနဲ့ ခက်ခက်ခဲခဲ ရေငုပ်ရှာဖွေတွေ့ရှိခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို အသက်များကို တန်ဖိုးထားပြီး နိုင်ငံအဆင့်သတ်မှတ်ပြီး ရှာဖွေရေးများ ပြုလုပ်ခဲ့တဲ့ ထိုင်းအစိုးရကလည်း အခုလို မျက်နှာပန်း လှနေခဲ့ပါပြီ။
ဒါနဲ့ ပတ်သက်လို့ လက်ရှိ ထိုင်းနိုင်ငံမှာ မိသားစုနဲ့ နေထိုင်ပြီးအိမ်ထောင်တာဝန် ထမ်းဆောင်နေတဲ့ မြန်မာနိုင်ငံရဲ့ တချိန်က နာမည်ကြီး မော်ဒယ် သရုပ်ဆောင် နီလာအောင်အောင်က ဒီကိစ္စဖြစ်ပေါ်ပြီးကတည်းက စိတ်ဝင်စားစွာနဲ့ နေ့တိုင်း ဒီသတင်းကို ထိုင်းနိုင်ငံTV ကထုတ်လွှင့်နေတဲ့ သတင်းတွေမှာ စောင့်ကြည့်နေတဲ့ သူတဦးလည်း ဖြစ်ပါတယ်။
ဒါကြောင့် ထိုင်းအစိုးရ လုပ်ဆောင်ချက်ပေါ် အမြင်၊ မိခင်တယောက်ရဲ့ ခံစားချက် နဲ့ မြန်မာနိုင်ငံမှာ ဖြစ်ပေါ် လာခဲ့ရင်ရော ဘယ်လိုရင်ဆိုင်ဖြေရှင်း နိုင်မလဲဆိုတဲ့ အမြင်များကို ဧရာဝတီ သတင်းဌာနမှ Copy Editor ယုမွန်ကျော်က ဆက်သွယ်ပြီး အခုလို မေးမြန်းထားပါတယ်။
မေး။ ။ အခုကလေးငယ်တွေကို ထိုင်းအစိုးရက အောင်အောင်မြင်မြင်နဲ့ ဂူအပြင်ဘက်ကို ခေါ်ထုတ်နိုင်ခဲ့ပြီ။ လက်ရှိ ထိုင်းနိုင်ငံမှာ နေထိုင်နေတဲ့ အစ်မရဲ့ ထိုင်းအစိုးရအပေါ် အမြင်ကို သိချင်ပါတယ်။
ဖြေ။ ။ သူတို့ ထိုင်းလူမျိုးတွေရဲ့အသက်၊ ထိုင်းလူမျိုးတွေရဲ့ ရပိုင်ခွင့် ဖြစ်သင့်ဖြစ်ထိုက်တာတွေကိုလည်း တဦးတယောက်ချင်းစီတိုင်းရဲ့အပေါ် တန်ဖိုးထားတာတွေ့ရပါတယ်။ သူတို့စတင်ပြီး ကယ်တဲ့အချိန်က ကြေညာပြီးသားပါ။ “မတွေ့ရမချင်း မရပ်နားဘူး ကယ်မယ်” တဲ့။ အခု ဖြစ်နေတဲ့ ၁၃ယောက်မှသာ လူတွေသိသွားတာပါ။ ပြင်ပမှာ နိုင်ငံတကာမှာ ရှိနေတဲ့ သူတို့ထိုင်းလူမျိုးတွေ တခုခုဖြစ်တာနဲ့ အဲဒီမှာရှိတဲ့ ထိုင်းသံရုံးက ဆိုင်ရာတွေက ချက်ခြင်းကို ကယ်ဆယ် ကူညီတာတွေ တွေ့မြင်၊ ကြားသိနေရမြဲပါပဲ။
မေး။ ။ဒီလို ကိစ္စမျိုး မြန်မာနိုင်ငံမှာ ဖြစ်ပေါ်လာခဲ့ရင်ရော ဘယ်လိုရင်ဆိုင်နိုင်မယ်လို့ မြင်မိလဲ။
ဖြေ။ ။ အဲဒါက ကျမ မမြင်ရသေးတဲ့အတွက် ကြိုမပြောတတ်ပါဘူး။ တကယ်ဖြစ်လာရင် ဘာတွေ လုပ်ပေးမလဲပေါ့။ ဘယ်လိုတွေဖြစ်လာမလဲဆိုတာပဲ ကြည့်ရမှာပါ။ အခုလက်ရှိဖြစ်နေတဲ့ ရင်ဆိုင်နေရတဲ့ ဟာတွေရော ဘယ်လိုကျော်ဖြတ်နေကြလဲပေါ့နော်။ ကျမတို့က ပြည်သူတွေလေ။
မေး။ ။ အခုဆို ကလေးနဲ့ နည်းပြ အားလုံး ၁၃ယောက်လုံး အပြင်ကို ပြန်ထုတ်နိုင်ခဲ့ပြီ၊ အစ်မကလည်း ကလေးရှိတဲ့ မိခင်တယောက်ဖြစ်တယ်။ ဒီအတွက် မိခင်တွေအစားရော ဘယ်လိုခံစားမိလဲ။
ဖြေ။ ။ ကျမ မိခင်တယောက်အနေနဲ့ အရမ်းဝမ်းသာမိပါတယ်။ ကိုယ်တိုင်တကယ်ဖြစ်နေတဲ့အတိုင်း ခံစားရတာပါ။ ကျမလည်း အသက် ၁၅နှစ်၊ ၁၃နှစ် အရွယ်ရှိနေတဲ့ ကလေး၂ယောက်ရဲ့ မိခင်တဦးလေ။ အဲဒီ မိခင်တွေနေရာမှာ ကိုယ်သာဆိုရင် အတွေးနဲ့ပဲ ပျော်မိတယ်။
ပထမသူတို့ သတင်းမလွှင့်ခင်တုန်းက TV မှာ ဒီလိုပဲကြည့်လိုက်မိတယ်။ နောက် ၂ ရက် ၊ ၃ ရက်လည်းကြာရော မိခင်၂ဦး အဲဒီ ဂူပေါက်ဝထဲဝင်ပြီး သူတို့ကလေးတွေ ထားခဲ့တဲ့ စက်ဘီး၊ ဖိနပ်၊ အိတ်တွေနားမှာ အော်အော်ခေါ်ပြီး ကြားလိုကြားငြား မျှော်လင့်ချက်တွေနဲ့ “ပြန်လာခဲ့တော့ စိတ်ပူတယ် စောင့်နေတယ်” ဆိုပြီး အော်ခေါ်တာတွေကို စမြင်ပြီး ကြားလိုက်ရချိန် မနက် ၅နာရီခွဲလောက်မှာ ကျမ မျက်ရည်ကျမိတယ်။ ကိုယ်သာအဲဒီနေရာမှာဆို အပြင်မှာတောင် စောင့်ဖြစ်မှာ မဟုတ်ဘူး။
ကိုယ်သာဆို ဆေးရုံရောက်ရင်ရောက်၊ မရောက်ရင် ရူးလောက်ပြီ။ သားသမီးချစ်တဲ့ ဇောတွေလေ။ ကျမ ကိုယ်ချင်းစာတယ်။ အဲဒီနေ့ကစပြီး သူတို့သတင်း အဆက်မပြတ် နားထောင်တယ်။ TV ကြည့်တာ အိမ်အလုပ်တောင် မလုပ်နိုင်တော့ဘူး။ ပြန်တွေ့ပြီလို ကြေညာတော့မှပဲ စိတ်ချမ်းသာ ဝမ်းသာမိတယ်။ အခုတော့ အားလုံးပျော်ရွှင်ရပြီပေါ့နော်။
မေး။ ။ အစ်မက လက်ရှိထိုင်းနိုင်ငံမှာနေထိုင်တယ်ဆိုတော့ အဲဒီနိုင်ငံသားအဖြစ် ခံယူလိုက်ပြီလား။
ဖြေ။ ။ ကျမက အခုချိန်အထိ မြန်မာ ပတ်စ်ပို့ကိုင်ဆောင်ထားတဲ့ မြန်မာနိုင်ငံသားပါပဲ။ လွန်ခဲ့တဲ့နှစ်များစွာကတည်းက နိုင်ငံသားပြောင်းလို့ရပေမယ့် ကိုယ့်လူမျိုးကို ချစ်လို့ အခုချိန်အထိမပြောင်းဖြစ်ပါဘူး။ ဘယ်တော့မှလဲ ပြောင်းမှာ မဟုတ်ပါဘူးရှင်။