ထိုင်းက မယ်ဆိုင်ဂူထဲမှာ ၁၀ ရက်ကျော်ကြာ ပိတ်မိနေခဲ့တဲ့ ကလေး ၁၃ ယောက်ရဲ့ သတင်းဟာ ကမ္ဘာအရပ်ရပ်က လူတိုင်းကို စိတ်ဝင်စားစေခဲ့ပါပြီ။ အသက်စတေးပြီး ကယ်ဆယ်ခဲ့တဲ့ ထိုင်းက တပ်ကြပ်ကြီး (ငြိမ်း) အတွက် ကရုဏာ သက်ကြရသလို အခုလည်း ဝမ်းသာစရာ သတင်းတခုထပ်ကြားရပြန်ပါပြီ။ ဒါကတော့ လွတ်မြောက်လာတဲ့ ဘောလုံး အသင်းနဲ့ အတူ ကယ်ဆယ်သူတွေကို တွေ့ဆုံဖို့ မန်ယူအသင်းက ဖိတ်လိုက်တယ်ဆိုတဲ့ သတင်းပါ။
ကလေး ၁၂ ယောက်နဲ့ နည်းပြဂူထဲက လွတ်မြောက်လာပြီဆိုတာ သိရတဲ့ သတင်းနောက်မှာ မန်ယူကလပ်က တွေ့ဆုံမယ့် အကြောင်းကို Facebook မှာ တင်လိုက်တာ ဖြစ်ပါတယ်။
“Manchester United ဟာ ကလေး ၁၂ ယောက်နဲ့ နည်းပြ လွတ်မြောက်လာပြီလို့ ကြားရတဲ့အခါ တကယ်ပဲ စိတ်ချမ်းသာခဲ့ရပါတယ်။ ကျနော်တို့ရဲ့ စိတ်ပူပန်မှုနဲ့ ဆုတောင်းပေးမှုတွေဟာ သူတို့အပေါ် အရာထင်ခဲ့ပါပြီ။ သူတို့ကို ဂုဏ်ပြုတဲ့ အနေနဲ့ Old Trafford ကို ဒီလာမယ့် ရာသီမှာ တွေ့ဆုံဖို့ ဖိတ်ပါတယ်။ ဒီဘောလုံးအသင်းနဲ့အတူ သူတို့ရဲ့ ကယ်ဆယ်သူတွေလည်း ပါပါတယ်’’ လို့ ရေးသားခဲ့ပါတယ်။
တွစ်တာမှာလည်း အခြားဘောလုံးသမားတွေက ဆုတောင်းစကားတွေ ရေးသားထားတာကို ဝေဝေဆာဆာ တွေ့ရပါတယ်။ အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့် ကိုယ်တိုင်ကလည်း ကလေးတွေလွတ်မြောက်လာမှုအတွက် ဝမ်းသာကြောင်း တွစ်တာမှာ အခုလို ရေးသားထားပါသေးတယ်။
ဖီဖာကလည်း ကမ္ဘာ့ဖလား ဖိုင်နယ်ပွဲကို ဖိတ်ခဲ့ပေမဲ့ ကလေးအချို့ရဲ့ ကျန်းမာရေးအခြေအနေကြောင့် ဒီအခွင့်အရေးကို လက်လွှတ်ခဲ့ရပါတယ်။ လွတ်မြောက်လာတဲ့ကလေးတွေဟာ ကျန်းမာရေးစောင့်ရှောက်မှုတွေလုပ်ဖို့ ဆေးရုံမှာ တပတ်လောက်တော့နေရမယ်လို့ ဆရာဝန်က ဆိုပါတယ်။ ဒီကလေးတွေရဲ့ လွတ်မြောက်မှုဟာ တကယ်ပဲ ကမ္ဘာကို စိတ်ဝင်စားစေခဲ့သလို မထင်မှတ်တဲ့ ကမ်းလှမ်းမှုမျိုးကိုပါ လက်ခံရရှိတာကတော့ သူတို့ရဲ့ ကံပါပဲ။
Ref ; Bangkok Post