သင်ဟာ အောင်မြင်မှုကို လိုလားတဲ့ သူတယောက်ဆိုရင် ဒီလိုအောင်မြင်မှုတွေ ရဖို့အတွက် ရင်းနှီးရမယ့် အရာတွေ၊ မြှုပ်နှံရမယ့်အရာတွေ ရှိပါတယ်။ ရည်မှန်းချက် ပြည့်မီဖို့အတွက် သင့်မှာနည်းလမ်းတွေ၊ အရည်အချင်းတွေ၊ ကျိုးကြောင်း ဆက်စပ်မှုတွေ တကယ်လိုအပ်နေပါပြီ။
အောက်က အချက်၃ ချက်ကတော့ စွန့်ဦးတီထွင်သူတယောက်က ကိုယ်တိုင်ပြန်လည်ဝေမျှထားတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။
(၁) ကိုယ်ပိုင်ပရောဂျက် စတင်ပါ
သင်ဘာဖြစ်ချင်လဲဆိုတာကို သေချာစဉ်းစားတွေးတောပါ။ လက်ရှိအခြေအနေကနေ နောင်လာမယ့် ၅ နှစ် (သို့မဟုတ်) ၁၀ နှစ် အတွင်း သင်ဘယ်နေရာမှာ ရပ်တည်နေမလဲဆိုတာတွေးတောထားပြီး ဖြစ်မြောက်အောင် လုပ်ဖို့အတွက် အစီအစဉ်တွေ ရေးဆွဲထားပါ။ လက်ရှိက ဝန်ထမ်းဘဝဆိုရင်လည်း နောင်လာမယ့် နှစ်တွေ အတွင်း ဘယ်လိုရာထူးမျိုးုကို လိုချင်သလဲဆိုတာ တွေးတောပြီး ဖြစ်မြောက်အောင်လုပ်ဖို့ အစီအစဉ်ချပါ။
(၂) ရွေးချယ်မှုတွေ လုပ်ပါ
လက်ရှိ အခြေအနေကနေ သာလွန်ချင်တယ်ဆိုရင် ပြောင်းလဲမှုတွေ ပြုလုပ်ရမှာပါ။ သင်ဟာ အားလပ်ချိန် ဘာလုပ်လေ့ ရှိသလဲ၊ အပြင်မှာ အချိန်ဖြုန်းတာ ဘယ်လောက်များသလဲ၊ လက်ရှိ အခြေအနေကိုကော တကယ်ပဲ သဘောကျပြီး ရှေ့ဆက် သွားမှာလား၊ သင့်ရဲ့ပြိုင်ဘက်တွေက ဘာတွေလုပ်နေပြီလဲ၊ သင့်အရည်အချင်း တိုးတက်လာဖို့အတွက် အချိန် ဘယ်လောက် သုံးထားသလဲ စတာတွေကို စာရင်းပြုစုပြီး ပြောင်းလဲဖို့ ပြုလုပ်ရမှာပါ။
(၃) အသုံးမဝင်တဲ့ သတင်းအချက်အလက်တွေကို ဖြတ်တောက်ပါ
သင်ဟာသူများတွေရဲ့အကြံဉာဏ်ကို နားထောင်ရမယ်ဆိုပေယ့် လူတိုင်းရဲ့စကားကိုတော့ အာရုံထားစရာ မလိုပါဘူး။ ကိုယ်တိုင်က ပုံပျက်ပန်းပျက် ဖြစ်နေတဲ့ လူတယောက်ဆီက ဝိတ်ချနည်းကို မယူသင့်သလို အချစ်ရေးမှာ အသည်းကွဲနေတဲ့လူတယောက်က သင့်ကိုကောင်းမွန်တဲ့ အကြံဉာဏ်တွေ ပေးနိုင်မှာ မဟုတ်ပါဘူး။
ဒါကြောင့် ယုံကြည်အားကိုးရတဲ့ လူတယောက်ဆီကသာ အကြံဉာဏ်ယူပါ။ ဒီလို အခြေခံအချက်တွေက သင့်ဘဝ အောင်မြင်ရေးအတွက် အထောက်အကူ ပြုနိုင်မှာ ဖြစ်ပါတယ်။