Amazon.com ကို တည်ထောင်သူနဲ့ လက်ရှိ CEO ဖြစ်တဲ့ Jeff Bezos ဟာ ခေတ်သစ် ကမ္ဘာ့သမိုင်းမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ် မှတ်တမ်းဝင်သွားပြီ ဖြစ်ပါတယ်။
လက်ရှိ ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်လည်းဖြစ်တဲ့ Jeff Bezos ရဲ့ စုစုပေါင်း ပိုင်ဆိုင်မှု တန်ဖိုးဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁၆ ရက်နေ့၊ မနက်မှာ ကန်ဒေါ်လာ ၁၅၁ ဘီလီယံအထိ ထိုးတက်သွားခဲ့ပြီးနောက်၊ ဒုတိယနေရာက Microsoft ပူးတွဲတည်ထောင်သူ Bill Gates ထက် ၅၅ ဘီလီယံကျော် ပိုများသွားခဲ့ပါတယ်။
ဒါ့အပြင် အသက် ၅၄ နှစ်အရွယ်ရှိပြီဖြစ်တဲ့ Jeff Bezos ဟာ Bill Gates အချမ်းသာဆုံးအချိန်က ပိုင်ဆိုင်မှု တန်ဖိုးကို အခုခေတ် ငွေကြေးတန်ဖိုးနဲ့ ချိန်ထိုးရင်တောင် Bill Gates ထက် ကျော်လွန်သွားခဲ့တာကြောင့် ခေတ်သစ် ကမ္ဘာ့သမိုင်းမှာ အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ်လည်း မှတ်တမ်းဝင်သွားခဲ့ပါတယ်။
Bill Gates ဟာ Dot-com Boom တနည်းအားဖြင့် Y2K Crash လို့ လူသိများတဲ့ အင်တာနက်စီးပွားရေး အထွတ်အထိပ် ရောက်ချိန် ၁၉၉၉ ခုနှစ်လောက်မှာ စုစုပေါင်း ပိုင်ဆိုင်မှုတန်ဖိုး ကန်ဒေါ်လာ ၁၀၀ ဘီလီယံအထိ ရောက်ရှိခဲ့ပါတယ်။ အခုခေတ်ငွေကြေးတန်ဖိုးနဲ့ တွက်မယ်ဆိုရင် Bill Gates ရဲ့ ပိုင်ဆိုင်မှု တန်ဖိုးဟာ ကန်ဒေါ်လာ ၁၄၉ ဘီလီယံအထိ ရှိခဲ့တာပါ။ ဒါပေမယ့် အခုအခါမှာတော့ Jeff Bezos ရဲ့ ပိုင်ဆိုင်မှု တန်ဖိုးဟာ ကန်ဒေါ်လာ ၁၅၀ ဘီလီယံတောင် ကျော်သွားတာကြောင့် Bill Gates ကို ကျော်တက်သွားတဲ့အပြင်၊ ၁၉၈၂ ခုနှစ် နောက်ပိုင်း ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ်အဖြစ်ပါ သမိုင်းတွင်သွားခဲ့ပြီ ဖြစ်ပါတယ်။
Bezos ရဲ့ ပိုင်ဆိုင်မှု တန်ဖိုးဟာ Amazon.com ရဲ့ နာမည်ကျော် ၃၆ နာရီကြာ ကမ္ဘာလုံးဆိုင်ရာ အရောင်းပွဲတော် ဖြစ်တဲ့ Prime Day မလုပ်ခင်မှာ ထောင်တက်သွားခဲ့တာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ စတော့ရှယ်ယာ တန်ဖိုးဟာ တနင်္လာနေ့၊ ဇူလိုင်လ ၁၆ ရက်နေ့၊ မနက် ၁၁ နာရီ ၁၀ မိနစ်အချိန်၊ New York စတော့ဈေးကွက်မှာ ရှယ်ယာတခုကို ၁၈၂၅ ဒဿမ ၇၃ ဒေါ်လာအထိ ရောက်ရှိသွားခဲ့တာကြောင့် Bezos ရဲ့ ပိုင်ဆိုင်မှု တန်ဖိုးကလည်း ၁၅၀ ဒဿမ ၈ ဘီလီယံအထိ ထောင်တက်သွားခဲ့တာပါ။
Jeff Bezos ရဲ့ ပိုင်ဆိုင်မှု တန်ဖိုးဟာ ယခုနှစ်ထဲမှာတင် ကန်ဒေါ်လာ ၅၂ ဘီလီယံအထိ ပိုများလာတာတွေ့ရပြီး၊ ဒီပမာဏကတင် လက်ရှိ အာရှတိုက် အချမ်းသာဆုံး ပုဂ္ဂိုလ်ဖြစ်တဲ့ Mukesh Ambani ရဲ့ စုစုပေါင်း ပိုင်ဆိုင်မှု တန်ဖိုးထက်ကို ပိုများနေပါတယ်။ ဒီ့အပြင် Bezos တယောက်တည်းရဲ့ ကြွယ်ဝမှုဟာ ကမ္ဘာ့အချမ်းသာဆုံး မိသားစုဖြစ်တဲ့ Walton မိသားစုရဲ့ စုစုပေါင်း ပိုင်ဆိုင်မှုတန်ဖိုး ၁၅၁ ဒဿမ ၅ ဘီလီယံနဲ့ သိပ်မကွာတော့တာလည်း တွေ့ရပါတယ်။
“အံ့သြစရာကောင်းလောက်အောင် များပြားလွန်းတဲ့ ပိုင်ဆိုင်မှု ပမာဏပါ။ တွေးကြည့်ဖို့တောင် ခက်ခဲပါတယ်” လို့ Cresset Family Office ရဲ့ CEO ဖြစ်သူ Michael Cole က မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။
Ref: Bloomberg