ကမ္ဘာတဝှမ်းက တချို့သော အဖြစ်အပျက်နဲ့ အကြောင်းအရာတွေဟာ ယခုချိန် အထိတိုင် မဖြေရှင်းနိုင်သေးတဲ့ ထူးဆန်း အံ့သြဖွယ် ဖြစ်ရပ်တွေ ရှိပါတယ်။ ဓာတ်ပုံတွေက ပြောပြတဲ့ သမိုင်းဝင်ဓာတ်ပုံတချို့မှာ ပါဝင်နေတဲ့ ထူးထူးဆန်းပုံရိပ်တွေဟာလည်း ကမ္ဘာတဝှမ်းမှာ အဖြေရှာလို့ မရအောင် အံ့သြဆန်းကြယ် နေပါတယ်။
ဒါကြောင့်မို့လို့ ကမ္ဘာတဝှမ်းမှာ ယခု အချိန်ထိ အဖြေရှာလို့ မရသေးတဲ့ ထူးဆန်းအံ့သြဖွယ် ဓာတ်ပုံများကို ဧရာဝတီ စာဖတ် ပရိသတ်တွေအတွက် ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
(၁) ဒီဓာတ်ပုံကတော့ ၁၉၆၄ ခုနှစ်တုန်းက Jim Templeton ဆိုသူက သူ့ရဲ့သမီးငယ်လေးကို ရိုက်ကူး ပေးထားတဲ့ ဓာတ်ပုံဖြစ်ပြီး ရိုက်ကူးစဉ်တုန်းက သမီးဖြစ်သူရဲ့အနောက်မှာ ဘာမှ မရှိခဲ့ပေမယ့် ဓာတ်ပုံ ထွက်လာတဲ့အချိန်မှာတော့ သမီးဖြစ်သူရဲ့အနောက်မှာ အာကာသဝတ်စုံ ဝတ်ထားတဲ့ အမျိုးသားတယောက်ပုံ ပါဝင်နေခဲ့ပါတယ်။
(၂) ၁၉၄၁ ခုနှစ်တုန်းက ကနေဒါနိုင်ငံရဲ့ တံတားဖွင့်ပွဲတခုမှာ ရိုက်ကူးထားတဲ့ ဒီဓာတ်ပုံထဲမှာတော့ နေကာမျက်မှန် တပ်ဆင်ထားတဲ့ အခုခေတ်အဝတ်အစားဝတ်ဆင်ထားတဲ့ အမျိုးသားတဦးက ပါဝင်နေခဲ့ပြီး ဒီဓာတ်ပုံမှတ်တမ်းအရ အချိန်ခရီးသွားတွေဟာ တကယ်ပဲ ရှိနေခဲ့တာလားဆိုတာကတော့ မေးခွန်းထုတ်စရာပဲ ဖြစ်ပါတယ်။
(၃) ၁၉၇၅ တုန်းက ရိုက်ကူးခဲ့တဲ့ ဒီဓာတ်ပုံထဲက အမျိုးသမီးကတော့ Diane Berthelot လို့ အမည်ရပြီး သူမရဲ့ အမျိုးသားက ရိုက်ကူးပေးခဲ့တာ ဖြစ်ပါတယ်။ ဓာတ်ပုံရိုက်ကူးစဉ်က ဘုရားကျောင်းထဲမှာ သူမ တဦးတည်းသာ ရှိနေခဲ့ပေမယ့် ဓာတ်ပုံ ထွက်လာတဲ့အချိန်မှာတော့ နောက်ကွယ်က ထိုင်နေတဲ့ အဖြူရောင် ပုံရိပ်ကြီးကြောင့် အလန့်တကြားဖြစ်ခဲ့ကြရပါတယ်။
(၄) ၁၉၁၉ ခုနှစ် WWI တပ်ဖွဲ့ရဲ့ အဖွဲ့လိုက်ရိုက်ကူးထားတဲ့ ဒီဓာတ်ပုံရဲ့အပေါ်ဆုံးတန်းက လေတပ်သား တဦးရဲ့ ဘေးမှာ လူပုံသဏ္ဍာန် အရိပ်တခု ရှိနေပြီး ဒီလူဟာ လေတပ် အင်ဂျင်နီယာတဦးဖြစ်တဲ့ Freedy Jackson ဆိုသူပဲ ဖြစ်ပါတယ်။ သူဟာ ဒီဓာတ်ပုံမရိုက်ကူးခင် နှစ်ရက်အလိုလောက်တည်းက မတော်တဆမှု တခုကြောင့် သေဆုံးခဲ့တာဖြစ်ပြီး ဒီဓာတ်ပုံထဲမှာ အရိပ်အနေနဲ့ ပါဝင်နေတာကတော့ အံအားသင့်စရာပဲ ဖြစ်ပါတယ်။
(၅) တက္ကဆက်ပြည်နယ်ကို ပြောင်းရွှေ့လာခဲ့တဲ့ Cooper မိသားစုရဲ့ အိမ်အသစ်မှာ ရိုက်ကူးခဲ့တဲ့ ဒီဓာတ်ပုံမှာတော့ အပေါ်ကနေ တွဲလောင်းကျနေတဲ့ လူခန္ဓာကိုယ်ပုံက ပါဝင်နေခဲ့ပြီး ဒီဓာတ်ပုံ ရိုက်ကူးနေစဉ်တုန်းက Cooper မိသားစုနဲ့ ဓာတ်ပုံဆရာကလွဲပြီး အဲဒီအိမ်မှာ ဘယ်သူမှ ရှိမနေခဲ့ပါဘူး။
Ref ; thedailynet.com