ဂူအတွင်းက ကယ်ထုတ်ခဲ့တဲ့ ထိုင်းကလေး ၁၁ ဦးနဲ့ လက်ထောက်နည်းပြတို့ သာသနာ့ဘောင်ထဲဝင်တဲ့ အခမ်းအနားကို ယနေ့၊ ဇူလိုင်လ ၂၄ ရက်နေ့မှာ ပြုလုပ်ခဲ့ပါတယ်။ ကလေးတယောက်ကတော့ ခရစ်ယာန်ဘာသာ ဝင်ဖြစ်လို့ မဝင်ခဲ့ပေမယ့် သူ့ယုံကြည် ကိုးကွယ်မှုအရ ဆုတောင်းမှုတွေ လုပ်ခဲ့ပါတယ်။
ထိုင်းဘာသာဝင်တို့ ထုံးစံအတိုင်း ကလေးတွေနဲ့ လက်ထောက်နည်းပြဟာ ဘုန်းကြီးကျောင်းမှာ ၉ ရက်ကြာ သင်္ကန်းဝတ်မှာ ဖြစ်ပါတယ်။ Tham Luang ဂူကနေ နှစ်ပတ်ကြာ ကယ်ဆယ်ခံခဲ့ရပြီးနောက် ဆေးရုံမှာ ကျန်းမာရေးအခြေအနေ ပြန်ကောင်းမွန် လာလို့ အရင်အပတ်ကပဲ ဆင်းခဲ့ကြတာပါ။
သာ့သနာဘောင်ဝင်တာကလည်း သူတို့ရဲ့ စိတ်ဝိဉာဉ်တွေကို သန့်စင်ပေးတဲ့ ပထမအဆင့်ဖြစ်ပါတယ်။ ကလေး ၁၁ ယောက်ထဲက နိုက်ရဲ့အဘိုးဖြစ်သူက “သူတို့ကို အကာအကွယ်သဘောမျိုးနဲ့ သာသနာ့ဘောင်ဝင်ခိုင်းတာပါ” လို့ ဆိုပါတယ်။
ထိုင်းအစိုးရတာဝန်ရှိသူတွေ ပြောကြားချက်အရ ကလေးတွေနဲ့ လက်ထောက်နည်းပြဟာ သင်္ကန်းမစည်းခင် ဆံချခြင်း အခမ်းအနားကို ပြုလုပ်မယ်လို့ သိရပါတယ်။ သူတို့နဲ့သက်ဆိုင်ရာ ဘုန်းကြီးကျောင်းအသီးသီးမှာ သင်္ကန်း ဝတ်နေချိန် အတွင်း ဘုန်းကြီးကျောင်းအတွင်း ဝေယျာဝစ္စအလုပ်တွေအပြင် ဆုတောင်းမေတ္တာပို့ခြင်း၊ တရား ထိုင်ခြင်းတို့ကို သြဂုတ်လ ၄ ရက်နေ့အထိ ၉ ရက်ကြာ လုပ်ဆောင်သွားရမှာပါ။
တောဝက်အသင်းထဲက ကလေးငယ် အဒူလ်ဆမ်အုန်ကတော့ ခရစ္စယာန်ဘာသာဝင်ဖြစ်လို့ တခြားကလေး တွေနဲ့အတူ သင်္ကန်းမဝတ်ပေမယ့် နည်းပြဖြစ်သူ Ake ကတော့ အတူတူ သာသနာ့ဘောင်ဝင်မှာဖြစ်ပါတယ်။ နည်းပြဖြစ်သူဟာ အရင်ကလည်း သာသနာဘောင်ဝင်ဖူးသူတယောက်ပါ။
နည်းပြဖြစ်သူဟာ ဂူထဲကို ကလေးတွေ ခေါ်သွားတာနဲ့ပတ်သက်ပြီး ဝေဖန်မှုတွေရှိခဲ့ပေမယ့် ဂူအတွင်းနေထိုင် စဉ်အတွင်း ကလေးအားလုံး တရားထိုင်ခိုင်းခဲ့ပြီး စိတ်တည်ငြိမ်စေတဲ့ နည်းလမ်းတွေနဲ့ ကူညီပေးခဲ့တယ်လို့ ဆိုပါ တယ်။
ဘောလုံးလေ့ကျင့်ရေးအစီအစဉ်အပြီး ကလေးတွေ ဂူထဲဝင်သွားခဲ့တဲ့ ဇွန်လ ၂၃ ရက်နေ့ကစပြီး ကမ္ဘာ တဝှမ်းလုံးက ကယ်ဆယ်ရေးအစီအစဉ်တွေကို စိတ်ဝင်တစား စောင့်ကြည့်ခဲ့ကြတာပါ။ ဂူထဲမှာ ကလေးတွေနဲ့ နည်းပြဟာ ကိုးရက်ကြာ ဂူထဲမှာနေထိုင်ခဲ့ကြပြီး ဇူလိုင်လ ၂ ရက်နေ့မှ ရေငုပ်သမားတွေက သူတို့ကို ပထမဆုံး အကြိမ် ပြန်လည်တွေ့ရှိခဲ့ကြပါတယ်။
ကယ်ဆယ်ရေးအဖွဲ့အဝင်တွေ မတွေ့ရှိခင်အချိန်အတွင်းမှာ ကလေးတွေနဲ့ နည်းပြဖြစ်သူတို့ဟာ လွတ်မြောက်ဖို့ လမ်းကို သူတို့ကိုယ်တိုင်လည်း ရှာဖွေခဲ့ကြတယ်လို့ သိရပါတယ်။ ကလေးအားလုံးနဲ့ နည်းပြဖြစ်သူတို့ကို တယောက်ချင်းစီ သုံးရက်ကြာ ဂူအတွင်းကနေ ကယ်ဆယ်ခဲ့ရပါတယ်။
ကလေး ၁၂ ဦးနဲ့ နည်းပြဖြစ်သူတို့ကို စေတနာ့ဝန်ထမ်းရာကျော်၊ ရေငုပ်သမားနဲ့ စစ်တပ်တို့အပြင် ဒေသခံတွေ ပါ လိုအပ်တဲ့အခန်းကဏ္ဍပေါင်းစုံကနေ ကယ်ဆယ်ရေးလုပ်အားပေးခဲ့ကြတာပါ။ ကယ်ဆယ်ရေးလုပ်နေစဉ်အတွင်း ရေတပ်အဖွဲ့ဝင်ဟောင်း Saman Gunan သေဆုံးခဲ့ပြီး တာဝန်ရှိသူတွေက ဒီဂူကို လက်ရှိအချိန်မှာ ပိတ်ထားကာ နောက်ပိုင်းမှာ ကမ္ဘာ့လှည့်ခရီးသွားတွေ လေ့လာနိုင်တဲ့နေရာအဖြစ် ပြသသွားဖို့အစီအစဉ်ရှိတယ်လို့ ဆိုပါတယ်။
Ref: BBC