ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဒေသက ထမ်လုံဂူဟာ ထိုင်းကလေး ၁၂ ဦးနဲ့ နည်းပြ တဦးတို့ ပျောက်ဆုံး သွားတာနဲ့ ပတ်သက်ပြီး ကမ္ဘာတဝန်းက လူတွေကို အံ့အားသင့်စေခဲ့ပါတယ်။ အခုတော့ ထမ်လုံဂူရဲ့ ဝင်ပေါက်နားမှာ အထိမ်းအမှတ်ပြတိုက်အဖြစ် တည်ဆောက်ဖို့ ကျောက်တုံးတွေ နေရာချထား ပါတယ်။
ရုပ်ရှင်ဆန်ဆန် ကယ်ဆယ်ရေး လုပ်ခဲ့ရတဲ့ ဒီအဖြစ်အပျက်ဟာ လူအများကိုလည်း စိတ်ဝင်စားမှု ရရှိစေခဲ့ပြီး အခုတော့ အမှတ်တရနေရာအဖြစ် ထားရှိတော့မှာပါ။
ကလေး ၁၂ ယာက်ကို ဂူထဲမှာ အသက်ဆက်နိုင်အောင်လမ်းပြခဲ့တဲ့ နည်းပြ၊ ကလေးတွေကို ကယ်ဆယ်ရင်း အသက် ဆုံးရှုံးခဲ့ရတဲ့ ထိုင်းရေတပ်က အငြိမ်းစားတပ်ကြပ်ကြီး Suman Gunan နဲ့ အတူ နိုင်ငံခြားက ပရဟိတအဖွဲ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ပြတိုက်တည်ဆောက်မှာဖြစ်ပါတယ်။
ဂူရဲ့ ဝင်ပေါက်ကစပြီး ပြုပြင်တည်ဆောက်မှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး National Parks, Wildlife and Plant Conservation Department ရဲ့အမှုဆောင်ညွှန်ကြားရေးမှူး Mr.Tunya Netithammakul က ဦးဆောင်ပါတယ်။
အဆိုပါ တည်ဆောက်နေတဲ့ အခမ်းအနားကို ဒီပရောဂျက်ကို စီမံခန့်ခွဲနေတဲ့ ထိုင်းနိုင်ငံမှ နိုင်ငံတော် Visual Artist တဦးဖြစ်တဲ့ Chalermchai Kositpipat က တက်ရောက်ခဲ့ပါတယ်။ ဒီလိုပြတိုက် တည်ဆောက်ဖို့အတွက် ပြည်သူတွေ လှူဒါန်းငွေနဲ့ အတူ Chalermchai Kositpipat ရဲ့ ကိုယ်ပိုင် ဝင်ငွေကို သုံးစွဲမှာဖြစ်ပါတယ်။
အစကတော့ ပြခန်းသဘောမျိုး အနေနဲ့သာ ထားရှိမှာဖြစ်ပြီး နောက်တော့ ကြီးမားတဲ့ နံရံဆေးရေး ပန်းချီတွေနဲ့အတူ ပြတိုက် အဖြစ်ထားရှိသွားမှာဖြစ်ပါတယ်။ နာမည်ကိုလည်း “The Heroes” လို့ ထားရှိမှာ ဖြစ်ပြီး ပြတိုက် အဝင်ဝမှာ နေရာချထားမှာ ဖြစ်ပါတယ်။ ဒီလို ထူးခြားဆန်းကြယ်ပြီး ရင်တမမ ဖြစ်ရတဲ့ ကယ်ဆယ်ရေးမျိုးကို အမှတ်ရစေဖို့ ပြတိုက် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ်များ – ထိုင်းကလေးတွေနဲ့ နည်းပြအကြောင်း ရုပ်ရှင်ရိုက်ရန် ကုမ္ပဏီ ၁၂ ခု စိတ်ဝင်စားနေ
တောဝက် ဘောလုံးအသင်းကို ကယ်ဆယ်ခဲ့တဲ့ မယ်ဆိုင်ဂူတွင်း ခရီးကြမ်း