မိဘတွေအနေနဲ့ သားသမီးတွေ ရှိလာတဲ့အခါမှာ သင်ကြားပေးရမယ့် တခုတည်းသော တာဝန်က သင့်ကလေးကို လက်တွေ့ဘဝမှာ ဝင်ဆန့်အောင် လုပ်ဆောင်ပေးဖို့ပါ။
ယနေ့ခေတ်ဟာ ယခင်ကထက်ပိုပြီး စိန်ခေါ်မှုများတာကြောင့် သင့်ကလေးကို လူ့အဖွဲ့အစည်းမှာ တာဝန်ယူတတ်တဲ့ ထူးချွန်တဲ့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကိုယ်ပိုင်အကြံဉာဏ်ရှိတဲ့ လူကြီးတယောက်အနေနဲ့ ကြီးပြင်းစေချင်တယ်ဆိုရင် သင်ကြားပေးရမယ့် အချက်လေးတွေကို ပြောပြချင်ပါတယ်။
(၁) ပြဿနာတွေကို ကိုယ်တိုင်ဖြေရှင်းခိုင်းပါ။
သင်ရဲ့ တာဝန်က သင့်ကလေးရဲ့ ဘဝကို လွယ်ကူအောင် လုပ်ပေးဖို့မဟုတ်ပါဘူး။ နေရာတကာမှာ သင်ဝင်ပါနေခြင်းဟာ သူ့ကိုသူ ယုံကြည်မှုနည်းစေပါတယ်။ သူ့ပြဿနာတွေကို သူကိုယ်တိုင်ဖြေရှင်းခွင့်ပေးကြည့်ပါ။
သူတို့ရဲ့ကိုယ်ပိုင်အတွေးအခေါ်နဲ့ ပြဿနာကိုဖြေရှင်းလိုက်တဲ့ ရလဒ်ဟာ သင့်ကို အံ့အားသင့်စေမှာပါ။
(၂) အလုပ်တခု လုပ်ခိုင်းပါ။
သင့်ရဲ့ ဆယ်ကျော်သက်ကလေးဟာ ကျောင်းစာတွေကို လိုက်နိုင်နေတယ်ဆိုရုံနဲ့ လက်တွေ့မှာ အောင်မြင်မယ်လို့ မဆိုနိုင်ပါဘူး။
သင့်ကလေးကို လက်တွေ့ဘဝမှာ အောင်မြင်စေချင်တယ်ဆိုရင် လက်တွေ့ဘဝထဲကို ဝင်ခိုင်းဖို့လိုပါတယ်။ နွေရာသီ ကျောင်းပိတ်ရက် ဒါမှမဟုတ် ကျောင်းအားရက်တွေမှာ အလုပ်လုပ်ခိုင်းခြင်းအားဖြင့် သင့်ကလေးဟာ ပြဿနာတွေကို ကိုယ်တိုင် ဘယ်လိုဖြေရှင်းရမယ်ဆိုတာ သိလာပါလိမ့်မယ်။
(၃)အရေးပေါ်အခြေအနေတွေမှာ လုပ်ကိုင်တတ်အောင်သင်ကြားပေးပါ။
သင့်ကလေးဟာ တချိန်မှာ တယောက်တည်းနေဖို့ ဖြစ်လာတဲ့အခါ အရေးပေါ်အခြေအနေတွေရှိလာနိုင်ပါတယ်။ Taxi စီးတဲ့အခါ ကားနံပတ်မှတ်တတ်ဖို့ တယောက်တည်း လမ်းလျှောက်တဲ့အခါ အဆင်သင့် ကာကွယ်တတ်ဖို့ စတဲ့ အရေးပေါ် ကိစ္စတွေအပြင် တခါတလေမှာ ရိုးရှင်းတဲ့ ပြဿနာတွေမှာလည်း အရေးပေါ်ဖြစ်နိုင်ပါတယ်။
ဥပမာ ဟင်းချက်ရင်း ဒယ်အိုး မီးလောင်တာတို့ ကားပျက်တာတို့ မီးဖိုထဲမှာရေပိုက်ပျက်တာစတဲ့ ပြဿနာလေးတွေကိုပါ ဖြေရှင်းတတ်အောင် သင်ကြားထားပေးသင့်ပါတယ်။
(၄)သင့်ပိုက်ဆံအိတ်ကို ပိတ်ထားပါ။
သင့်ကလေးကို မုန့်ဖိုးတောင်းတိုင်းပေးနေတာကလည်း ကောင်းတဲ့ အကျင့်မဟုတ်ပါဘူး။ သူ့ကို စာရင်းနဲ့ ချွေတာပြီး သုံးစွဲတတ်အောင် သင်ကြားပေးဖို့ လိုပါတယ်။ ငွေကြေးနဲ့ ပတ်သက်ပြီး တာဝန်ယူတတ်အောင် ချွေတာသုံးစွဲပြီး သူလိုအပ် တာတွေကို သူကိုယ်တိုင်ပိုက်ဆံစုပြီး ဝယ်တတ်ဖို့လည်း သင်ကြားထားသင့်ပါတယ်။
(၅)သူ့ကိုယ်သူ ယုံကြည်မှုရှိအောင် သင်ကြားပေးပါ။
ကျောင်းတွေဟာ သင့်ကလေးကို စည်းကမ်းတွေလိုက်နာတတ်ဖို့ပဲ သင်ကြားပေးတာပါ။ သင့်ကလေးကို ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိလာအောင် သင်ကြားပေးရမှာက သင့်တာဝန်ပါ။
သူတို့ရဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ့်ကိုကိုယ် ယုံကြည်မှုရှိဖို့သင်ကြားပေးရပါမယ်။ သူတို့ရဲ့ ဆုံးဖြတ်ချက်တွေမှာ အမှားအယွင်းတွေ ရှိနိုင်ပေမယ့် အမှားတွေလုပ်ပြီးရင်လည်း သူတို့ဟာ ဒီအမှားတွေကနေ သင်ယူလာနိုင်ပါတယ်။
Ref ; children and technology, lifehacks