နာမည်ကျော် ဟောလိဝုဒ်မင်းသားကြီး Steven Seagal ဟာ ၂၀၁၆ ခုနှစ်မှာ ရုရှားသမ္မတ Vladimir Putin ထံကနေ ရုရှားနိုင်ငံသား ဖြစ်ခွင့်ရရှိခဲ့ပါတယ်။
အခုတော့ “Under Siege” နဲ့ “Above the Law” ဆိုတဲ့ နာမည်ကျော် ရုပ်ရှင်တွေမှာ ပါဝင်ခဲ့တဲ့ မင်းသားကြီးဟာ ရုရှား-အမေရိကန် ဆက်ဆံရေးကို တိုးမြှင့်ဖို့ အထူးသံတမန်အဖြစ် ခန့်အပ်ခံလိုက်ရပြီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံဆိုင်ရာ ရုရှားသံရုံးရဲ့ တရားဝင် Facebook စာမျက်နှာမှာ အဲ့ဒီသတင်းကို ကြေညာခဲ့တာဖြစ်ပြီး အသက် ၆၆ နှစ်အရွယ် မင်းသားကြီး Seagal ကို ရုရှား-အမေရိကန် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဆက်ဆံရေး အထူးသံတမန်အဖြစ် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ခန့်အပ်လိုက်တယ်လို့ ဆိုထားပါတယ်။
ဝန်ကြီးဌာနရဲ့ အဆိုအရ ယဉ်ကျေးမှု၊ အနုပညာ၊ ပြည်သူ့အရေးနဲ့ လူငယ်လဲလှယ်ရေး အစီအစဉ်တွေမှာ ပူးပေါင်း ဆောင်ရွက်မှုအပါအဝင် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ နယ်ပယ်မှာ အမေရိကန်နဲ့ ရုရှားနိုင်ငံတို့ကြားက ဆက်ဆံရေး အဆင်ပြေချောမွေ့စေဖို့ လုပ်ဆောင်ရမှာဖြစ်တယ်လို့ သိရပါတယ်။
မင်းသားကြီး Seagal ဟာ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ရုရှားသမ္မတ Putin နဲ့နီးကပ်တဲ့ ဆက်ဆံရေးရှိခဲ့ပြီး အခုနှစ်အစောပိုင်း ရုရှားရွေးကောက်ပွဲပြီးတဲ့နောက် ပြုလုပ်ခဲ့တဲ့ သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲကိုလည်း တက်ရောက်ခဲ့ ပါသေးတယ်။
မင်းသားကြီးဟာ သမ္မတ Putin ရဲ့ အကြီးမားဆုံး ထောက်ခံသူတဦးဖြစ်ပြီး ပြီးခဲ့တဲ့နှစ်မှာ ထုတ်လွှင့်ခဲ့တဲ့ “Good Morning Britain” အစီအစဉ်မှာ Piers Morgan နဲ့ ပြုလုပ်ခဲ့ အင်တာဗျူးတခုအတွင်း အမေရိကန် ရွေးကောက်ပွဲ ဝင်ရောက် နှောင့်ယှက်မှုစွဲချက်တွေအပေါ် ရုရှားခေါင်းဆောင်ဘက်ကနေ ကာကွယ်ပြောဆိုပေးခဲ့ပါတယ်။
သူက “ရုရှားသမ္မတက ရွေးကောက်ပွဲကို ပြင်ဆင်ဖို့ ဒါမှမဟုတ် ရုရှားနိုင်ငံသားတွေထံမှာ အဲဒီလိုမျိုး နည်းပညာ ရှိနေတယ်လို့ ထင်နေတဲ့ လူတိုင်းဟာ ရူးနေတာပါ” လို့ ၂၀၁၆ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲမှာ ရုရှားတို့ ဝင်ရောက်နှောင့်ယှက်ခဲ့တယ်လို့ အမေရိကန်ထောက်လှမ်းရေး အေဂျင်စီတွေက ပြောဆိုခဲ့တာကို ငြင်းဆိုလိုက်ပါတယ်။
သူက “ဒီလိုမျိုး ဝါဒဖြန့်မှုဟာ တကယ့်ကိုပဲ လမ်းလွဲနေတာပါ။ ဒါကြောင့် အမေရိကန်နိုင်ငံမှာ ရှိတဲ့ လူတွေက ဘာဖြစ်နေတယ်ဆိုတာကို တကယ်မမြင်ကြပါဘူး” လို့ လည်း ပြောဆိုထားပါတယ်။
ပြီးတော့ သမ္မတ Putin ဟာ ကြီးကြယ်မြင့်မြတ်တဲ့ ကမ္ဘာ့ခေါင်းဆောင်နဲ့ ထက်မြက်တဲ့ နည်းဗျူဟာရှင်လည်း ဖြစ်တယ်လို့ ချီးမွမ်း ပြောဆိုခဲ့ပါတယ်။
မင်းသားကြီးဟာ ငယ်စဉ်က အာကီဒို ခါးပတ်နက် အဆင့် ၇ အထိ ရရှိခဲ့ပြီး ဂျပန်နိုင်ငံမှာ ပထမဆုံးသင်ကြားတဲ့ နိုင်ငံခြားသားပညာရှင်ဖြစ်လာခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၈ ခုနှစ်မှာ “Above the Law” ရုပ်ရှင်နဲ့ အနုပညာလောကထဲကို ရောက်ရှိခဲ့သူဖြစ်ပါတယ်။
Ref:etcanada