Trend

ပိုက်ဆံမကုန်ဘဲ အနားယူလို့ရမယ့် နည်းလမ်းများ

အရိုးသားဆုံး ဝန်ခံရရင် စာရေးသူတို့ အားလုံးဟာ နေ့တိုင်းနီးပါး ပိုက်ဆံကို ရှာလိုက် သုံးလိုက်၊ ပြတ်လပ်လိုက်နဲ့ သံသရာ လည်နေပါတယ်။ အလုပ်လုပ်သူကလည်း အလုပ်ကရတဲ့ ဝင်ငွေ ပိုက်ဆံကို လောက်ငှအောင် သုံးစွဲရသလို၊ မလုပ်မလုပ်သူ ကျောင်းသား အရွယ်ကလည်း မိဘပေးတဲ့ ပိုက်ဆံကို လောက်ငှအောင် သုံးစွဲရပါတယ်။

ရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် အားလပ်ရက်တွေရှိပေမယ့် အားလပ်ရက်မှာ အနားယူရင်တောင် ပိုက်ဆံကို ချွေတာသုံး နေရပါတယ်။ ဒါကြောင့် ဒီတခါမှာ ပိုက်ဆံမကုန်ဘဲ အနားယူလို့ရမယ့် နည်းလမ်းတွေကို ပြောပြချင်ပါတယ်။

(၁) ကော်ဖီကိုယ်တိုင် ဖျော်သောက်ပါ

ကော်ဖီဆိုင်တွေ၊ လဖက်ရည်ဆိုင်တွေ ထိုင်တာက ကောင်းတယ်ဆိုပေမယ့် တလတလ ဘတ်ဂျက် ထိပါတယ်။ ဒီအစား အိမ်မှာ အားတဲ့အချိန်တွေ ကိုယ်တိုင်ဖျော်သောက်တာက ငွေကုန် သက်သာတဲ့အပြင် ပျော်ရွှင်မှုကို ရစေပါတယ်။ အိမ်မှာ ကိုယ်တိုင် ကော်ဖီဖျော်သောက်ရင်း တွေးချင်ရာ တွေးရတာက ဇိမ်တခုပဲ မဟုတ်လား။

(၂) မနက်စာကို အိမ်မှာပဲ စားပါ

ရုံးသွားမှ ကျောင်းသွားမှ လမ်းမှာ ကြုံရာဝင်စားတာ ကောင်းတဲ့ အကျင့်မဟုတ်ပါဘူး။ မနက်စာ အိမ်မှာစားဖို့ ဆယ်မိနစ် လောက်ပဲ ကြိုထတာဖြစ်ပြီး အိမ်မှာ ထမင်းစားရတဲ့ အရသာဟာ ဘာနဲ့မှ မလဲနိုင်အောင်ကောင်းပါတယ်။

(၃) ပြတင်းပေါက်က ငေးပါ

တချိန်လုံး သင့်ကွန်ပျူတာရှေ့မှာ ထိုင်နေတာဟာ ကောင်းတဲ့ အလေ့အကျင့် မဟုတ်ပါဘူး။ ကွန်ပျူတာရှေ့က ထပြီး ပြတင်းပေါက်ကနေ အပြင်ကိုငေးပါ။ ပြင်ပလေကို ခေတ္တခဏ ရှုရှိုက်ပါ။ ပြင်ပလေက ပိုပြီးမသန့်တာ သိပါတယ်။ ဒါပေမယ့်လည်း သင့်စိတ်ကို အပြောင်းအလဲ ဖြစ်စေမှာပါ။

(၄) အလုပ်စားပွဲကို သန့်ရှင်းအောင် ထားပါ

အလုပ်စားပွဲကို သပ်သပ်ရပ်ရပ်ထားတာက အတွေးအခေါ် အသစ်တွေ ပိုထွက်နိုင်ပါတယ်။ သန့်ရှင်းသပ်ရပ်တဲ့ နေရာမှာ နေထိုင်ရတာဟာလည်း အနားယူနည်း တမျိုးပါပဲ။

(၅) သီချင်းနားထောင်ပါ

သီချင်းနားထောင်တာဟာလည်း ငွေကုန် သက်သာပြီးအနားယူလို ကောင်းတဲ့ နည်းလမ်း တခု ဖြစ်ပါတယ်။ အနားယူဖို့ သီချင်းနားထောင်တယ်ဆိုတာ သီချင်းအေးအေးလေးတွေ နားထောင်တာကို ဆိုလိုချင်တာပါ။

EDM ဂီတတွေ နားထောင်တာက သင့်စိတ်ကို လိုသလောက် Relax မဖြစ်ပါဘူး။ ဒါကြောင့် အိပ်ရာပေါ်မှာ အနားယူရင်း သီချင်းအေးအေးလေးတွေ နားထောင်ရတဲ့ ခံစားချက်ကို ခံစားကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။

(၆) သင်ချစ်ခင်ရတဲ့ သူတွေကို ဖုန်းဆက်ပါ

တခါတလမှာ ကိုယ်မတွေ့ရတာကြာတဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ် ပြန်ရတာဟာ ဝမ်းသာစရာပါ။ သင်လည်း သင့်အလုပ် သူတို့လည်း သူတို့ အလုပ်နဲ့ မအားလပ်ကြလို့ အဆက်အသွယ် မလုပ်ဖြစ်ကြတဲ့ သူတွေနဲ့ ပြန်ဆက်သွယ်ပြီး စကားတွေပြန်ပြောပြီး ရယ်မောရတာ၊ အရင်က အကြောင်းတွေ ပြန်ပြောရတာလည်း အနားယူရသလိုပါပဲ။

(၇) တခါတလေ အချိုတွေစားဖို့ သင့်ပါးစပ်ကို အလိုလိုက်ပါ

မုန့်အချိုတွေ စားဖို့တော့ လူတွေက တွန့်ကြပါတယ်။ တကယ်တော့ ပုံမှန်အတိုင်း သင်စားနေတာတွေက မုန့်အချိုတွေ ထက် ပိုပြီးကယ်လိုရီ များပါတယ်။ ဒါကြောင့် တခါတလေမှာ သင်စားချင်တဲ့ မုန့်အချိုတွေ ရေခဲမုန့်တွေကို ဘာမှ အထွေအထူး မစဉ်းစားဘဲ စားပြီး အနားယူ ပစ်လိုက်ပါ။

Ref; www.lifehacks.com

Loading