“မတော်တဆ မီးပျက်သွားလို့ ဓာတ်လှေကားမှာ ပိတ်မိနေတယ်ဆိုရင် မကြောက်ပါနဲ့။ အရေးပေါ်ခလုတ်ကို နှိပ်ပါ။ အသက်ဝအောင်ရှုပါ။ ဖုန်းခေါ်ပါ” စတဲ့ သတိပေးစာတွေ ကပ်ထားပေမယ့် တကယ်လို့များ ဓာတ်လှေကား ပျက်ကျခဲ့သည်ရှိသော် ဘာလုပ်ရမလဲ ဆိုတာတွေကိုတော့ သိတဲ့သူ နည်းပါတယ်။
ဒါကြောင့် သင်ဟာ မတော်တဆများ ပျက်ကျလာတဲ့ ဓာတ်လှေကားထဲ ပါသွားခဲ့ရင် အသက်ရှင်ဖို့ ဘာတွေလုပ်သင့်လဲ ဆိုတာ ပြောပြချင်ပါတယ်။
တချို့တွေကတော့ ပျက်ကျလာတဲ့ ဓာတ်လှေကားထဲ သင်ပါလာခဲ့တယ်ဆိုရင် အချိန်ကိုက် ခုန်နိုင်ဖို့ အကြံပေးကြပါတယ်။ ဒါပေမယ့် ဒီလို ဖြစ်ရပ်မျိုးဟာ အရမ်းအန္တရာယ်များပါတယ်။ ဓာတ်လှေကားဟာ အရမ်းမြန်တဲ့ အရှိန်နဲ့ ပြုတ်ကျလာတာ ဖြစ်ပါတယ်။ ဒီပျက်ကျလာတဲ့ ဓာတ်လှေကားဟာ အောက်ကိုရောက်တာနဲ့ ကြမ်းပြင်ကို အရှိန်နဲ့ ကျမှာပါ။ အထဲမှာရှိနေသူတွေဟာ ဒီအရှိန်ကို ပျက်ကျနေတုန်း အထဲမှာ လိုက်ခုန်လိုက်ဖို့ တွက်ချက်ထားရမှာ ဖြစ်ပါတယ်။
ပြုတ်ကျလာတဲ့ ဓာတ်လှေကားဟာ ၁ထပ်အမြင့် ၂ထပ်အမြင့်လောက်ကကျ လာတယ်ဆိုရင်တော့ သင့်အသက် အန္တရာယ်အတွက် သိပ်မစိုးရိမ်ရပါဘူး။ ခြေထောက်အရိုးတွေ ကျိုးရုံလောက်ပါပဲ။ ဒါပေမယ့် သင်က ၆ ထပ် လောက်က ပြုတ်ကျခဲ့မယ်ဆိုရင်တော့ သင်ဟာ တနာရီကို မိုင် ၁၃၀ နှုန်းနဲ့ ကျနေတာ ဖြစ်ပါတယ်။
တချို့တွေက ဓာတ်လှေကားပျက်ကျခဲ့ရင် ကြမ်းပြင်နဲ့ ထိထားဖို့ ပြောကြပါတယ်။ ဒါဟာ တကယ်ကို မှားယွင်းတဲ့ အကြံပြုချက်ပါ။ တနာရီကို မိုင် ၁၃၀ နှုန်းနဲ့ ပြုတ်ကျလာတဲ့ အရာဝတ္ထုထဲမှာ သင်ဟာ ကြမ်းပြင်ကို ထိဖို့ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ ဓာတ်လှေကား ပြုတ်ကျလာတာနဲ့ တပြိုင်နက် သင်ဟာ ဓာတ်လှေကားခေါင်မိုးနဲ့ ချက်ချင်းရိုက်မိမှာဖြစ်လို့ ချက်ချင်းခုန်လိုက်ဖို့တော့ အတော်ခက်ပါတယ်။
ကံကောင်းလို့ သင်ဟာ ဓာတ်လှေကား အောက်မရောက်ခင် ကြမ်းပြင်ပေါ်ကို ရောက်ခဲ့တယ် ဆိုရင်တော့ အသက်ရှင်ဖို့ အခွင့်အရေးရှိပါတယ်။ ဒီနေရာမှာ သင့်ရဲ့ ခန့်မှန်းနိုင်မှုက စကားပြောပါပြီ။ ဓာတ်လှေကားအောက်ကို ကျမယ့် အချိန် ကွက်တိကို ခန့်မှန်းပြီး ခုန်ရမှာပါ။
တကယ်လို့ သင်ဟာ နှစ်ပေအမြင့်လောက်ရောက်အောင် ခုန်နိုင်တယ်ဆိုရင် သင်ပါလာတဲ့ ဓာတ်လှေကားရဲ့ အရှိန်ကို ဆန့်ကျင်ပြီး သင်ခုန်လိုက်တဲ့ အရှိန်နဲ့ပဲ သင်ပြန်ကျနိုင်ချေရှိတယ်လို့ ခန့်မှန်းထားပါတယ်။
တကယ်လို့သာ မတော်တဆ သင်စီးတဲ့ ဓာတ်လှေကားဟာ ပြုတ်ကျခဲ့တယ် ဆိုရင်တော့ အပေါ်မှာ ပြောထားတဲ့ ခုန်နည်းကို အသုံးပြုဖို့ အကြံပေးချင်ပါတယ်။ ဘာမှမလုပ်တာထက်စာရင် တခုခုလုပ်လို့ သင်အသက်ရှင်ကျန်တယ်ဆိုရင် ဒါဟာ သင့်အတွက် အမြတ်ပါပဲ။
အခုနောက်ပိုင်း ထွက်ရှိလာတဲ့ ဓာတ်လှေကားတွေမှာတော့ အရေးပေါ် ဘရိတ်များကို တပ်ဆင်ထားပြီ ဖြစ်လို့ စိတ်ချလက်ချစီးနိုင်တယ် ဆိုပေမယ့် “သတိဆိုတာ ပိုတယ် မရှိဘူး” ဆိုတာ မမေ့ဖို့ အကြံပြုချင်ပါတယ်။ အရေးအကြီးဆုံးကတော့ ဘာလုပ်ရမလဲ ဆိုတာ တွေဝေမနေဘဲ အတတ်နိုင်ဆုံး အသက်ရှင်အောင် ကြိုးစားဖို့ ဖြစ်ပါတယ်။
Ref;mmn.com