ငြိမ်းချမ်းမှုကို ရှာဖွေနိုင်မယ့် တောင်ကိုရီယားက ထောင်တခုကို တောင်ကိုရီးယားနိုင်ငံရဲ့ မြို့တော်၊ ဆိုးလ်မြို့ရဲ့ အပြင်ဖက် ကျေးလက်ဒေသမှာ ၂၀၁၃ ခုနှစ်က ဖွင့်လှစ်ခဲ့ပါတယ်။ အလုပ်တွေ နေ့စဉ် ရက်ဆက် လုပ်ပြီး ပင်ပန်းနေကြတဲ့ ကိုရီးယားနိုင်ငံသားတွေဟာ ဒီထောင်မှာ သွားရောက် အနားယူကြပါတယ်။
ဒီထောင်ဟာ ထောင်အစစ် မဟုတ်ပေမယ့် အိမ်ကို ထောင်ပုံစံမျိုး လုပ်ထားတဲ့ နေရာတခု ဖြစ်ပါတယ်။ ဒီနေရာကို Kwon-Yun-Suk က စတင်တည်ထောင်ခဲ့တာ ဖြစ်ပါတယ်။ တည်ထောင်ရတဲ့ ရည်ရွယ်ချက်ကတော့ Kwon-Yun-Suk ဟာ နှစ်၂၀ကျော် အလုပ်တွေ အရမ်းလုပ်ပြီးသွားတဲ့ နောက်မှာ သူဟာ အလုပ်ရဲ့ဒဏ်တွေကို အရမ်းခံရပြီး ကျန်းမာရေး ထိခိုက်ရတဲ့အတွက် သူ့လို အလုပ် ပင်ပန်းတဲ့သူတွေအတွက် ရည်ရွယ်ပြီး ဆောက်လုပ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
ဒီထောင်ပုံစံ တည်ဆောက်ထားတဲ့ အိမ်မှာ အကျဉ်းခန်းပေါင်း ၂၈ ခန်းပါဝင်ပြီး တခန်းစီမှာ လက်ဖက်ရည်ခွက် အစုံ၊ ယောဂဖျာ၊ ဒိုင်ယာရီစာအုပ်ပါတဲ့ စားပွဲတလုံးနဲ့ အိမ်သာတလုံး ပါတယ်လို့ သိရပါတယ်။ ဒီထောင်မှာ လာရောက် နေထိုင်မယ့်သူဟာ နာရီ ၂၀ တိတိ အကျဉ်းခန်းထဲမှာ နေရမှာဖြစ်ပြီး ဆဲလ်ဖုန်း အစရှိတဲ့ စက်ပစ္စည်းအားလုံးကို အပြင်မှာ ထားခဲ့ရမှာ ဖြစ်ပါတယ်။
လာရောက် နေထိုင်သူဟာ အခန်းထဲ မဝင်ခင် အပြင်မှာ တခြားလူတွေနဲ့ မိတ်ဆက်ခြင်း၊ ကိုယ့်ဘဝ ဇာတ်ကြောင်းများကို ပြောပြခြင်းစတာတွေကို ပြုလုပ်လို့ ရပါတယ်။ လာရောက် နေထိုင်သူတွေဟာ အကျဉ်းထောင်ထဲက အချုပ်ခန်းမှာ နေ့ခင်း ၁ နာရီ ၄၅ မိနစ် ကနေ နောက်တနေ့မနက် ၉ နာရီ ၄၅ မိနစ်အထိ နေထိုင်ရမှာ ဖြစ်ပါတယ်။
ဒီမှာ နေရတာဟာ အလုပ်တွေ၊ ဖုန်းတွေ၊ လူတွေနဲ့ ဝေးရာမှာ ခေတ္တခဏ နေထိုင်ရလို့ အမှန်တကယ် ငြိမ်းချမ်းမှုကို ရရှိတယ်လို့ လာရောက် နေထိုင်သူတွေက ဆိုပါတယ်။
Ref; bbc.com