ကမ္ဘာတဝှမ်းမှာတော့ အလှပဆုံးလမ်းတွေ ရှိသလို သူမတူအောင် ကောင်းမွန်လှတဲ့ လမ်းတွေလည်း ရှိပါတယ်။ အခုဖော်ပြပေးမှာကတော့ လူပေါင်းများစွာ သေကြေ ပျက်စီးခဲ့ကြဖူးတဲ့ ကမ္ဘာ့ အန္တရာယ်အများဆုံး လမ်းတွေပဲ ဖြစ်ပါတယ်။
(၁) နော်ဝေးနိုင်ငံက အန္တရာယ်အများဆုံးလမ်းတွေထဲက တခုဖြစ်တဲ့ Atlantic လမ်းပေါ်မှာ သင့်အနေနဲ့ ကားဖြတ်မောင်း မယ်ဆိုရင်တော့ ကစားကွင်းထဲက ရိုလာကိုစတာစီးနေတဲ့ ခံစားမှုမျိုးကို ခံစားရမှာပဲ ဖြစ်ပါတယ်။ အကွေ့အကောက် အတွန့်အလိမ်တွေများတဲ့ ဒီလမ်းကိုတော့ ရာသီဥတု ဆိုးရွားတဲ့ အခြေအနေမျိုးတွေမှာ ဖြတ်သန်းခွင့် မပြုဘူးလို့ သိရပါတယ်။
(၂) ဘိုလီဗီးယားနိုင်ငံက North Yungas လို့အမည်ရတဲ့ လမ်းကတော့ ဘိုလီးဗီးယား တောင်တန်းတွေကြားမှာ ဖောက်လုပ်ထားတာဖြစ်ပြီး အရှည်အားဖြင့်တော့ ၃၅ မိုင်သာရှိပါတယ်။
ပင်လယ်ရေမျက်နှာပြင် အထက်ကနေ ၁၂၀၀၀ ပေအမြင့်မှာရှိတဲ့ ဒီလမ်းဟာ ရွှံ့နွံတွေ ထူထပ်တာကြောင့် သွားလာရ ခက်ခဲပြီး စစ်တမ်းတွေအရ ဒီလမ်းမပေါ်မှာ ယာဉ်တိမ်းမှောက် သေဆုံးခဲ့တဲ့ လူဦးရေဟာ တနှစ်ကို အယောက် ၂၀၀ ကနေ ၃၀၀ ကြားရှိတယ်လို့ သိရပါတယ်။
(၃) ၁၉၇၇ ခုနှစ်လောက်မှာ တည်ဆောက်ခဲ့တဲ့ တရုတ်နိုင်ငံက Guoliang ဥမင်လမ်းဟာဆိုရင်တော့ Taihang တောင်ရဲ့အနောက်ဘက်မှာရှိတဲ့ ကျေးရွာတခုဆီကို သွားလာဖို့ ဆောက်လုပ်ထားတာ ဖြစ်ပါတယ်။
ဒီဥမင်လမ်းကို ဖြတ်သန်းသွားလာဖို့အတွက် လမ်းကြောကိုသိတဲ့ ဒေသခံတွေရဲ့ အကူအညီနဲ့သာ ဖြတ်သန်းသွားလာနိုင် မှာဖြစ်ပြီး မိုးရာသီကာလတွေမှာဆိုရင် ဒီလမ်းပေါ်ကနေ ဖြတ်သန်းသွားလာတဲ့ လူ ၁၀ ယောက်မှာ ၈ ယောက် လောက်သာ အသက်ရှင်လျက် ဖြတ်သန်းနိုင်တယ်လို့ သိရပါတယ်။
(၄) ပင်လယ်ရေမျက်နှာပြင်အထက်ကနေ ပေ ၁၁၅၀၀ ခန့်အမြင့်ရှိတဲ့ Ladakh နဲ့ Kashmir မြို့ကို ဆက်သွယ်ထားတဲ့ အိန္ဒိယနိုင်ငံက Zojila ဆိုတဲ့လမ်းဟာတော့ ဆောင်းရာသီနဲ့ မိုးရာသီ ကာလတွေမှာ ဒီလမ်းကို ဖြတ်သန်းသွားလာ ဖို့ဆိုတာဟာ စိန်ခေါ်မှုတခုပဲ ဖြစ်ပါတယ်။ ဒီလမ်းမပေါ်မှာ ဖြစ်ပွားခဲ့တဲ့ ယာဉ်တိမ်းမှောက်သေဆုံးမှုတွေဟာ မရေမတွက်နိုင်အောင် ရှိတယ်လို့လည်း သိရပါတယ်။
(၅) နယူးဇီလန်တောင်တန်းတွေရဲ့ ဘေးတဖက်တချက်မှာ ဖောက်လုပ်ထားတဲ့ Canyon ဆိုတဲ့ လမ်းဟာတော့ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀ လောက်က သတ္တုတူးဖော်ရေးလုပ်သားတွေက ဖောက်လုပ်ခဲ့တာဖြစ်ပြီး အခုအချိန်မှာတော့ ကမ္ဘာ့အန္တရာယ်အရှိဆုံးလမ်းတွေစာရင်းထဲမှာ တခု အပါအဝင် ဖြစ်နေပါပြီ။ ဖြတ်သန်းသွားလာခွင့်ကို ပိတ်ပင်ထားပေမယ့် “Mission: Impossible Fallout” ရုပ်ရှင်နဲ့ “Lord Of The Rings” ရုပ်ရှင်ထဲက ဇာတ်ဝင်ခန်းတချို့ကိုတော့ ဒီလမ်းမပေါ်မှာ ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။
Ref : www.rd.com