မြန်မာနိုင်ငံကနေ ရွှေ့ပြောင်းအလုပ်သမားအဖြစ် ထိုင်းနိုင်ငံမှာနေထိုင်နေတဲ့ မိဘက မွေးဖွားခဲ့တဲ့ Mong Thongdee ဟာ ၂၀၀၉ ခုနှစ်မှာ ထိုင်းနိုင်ငံ ကိုယ်စားပြုအနေနဲ့ ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ Paper Plane Contest မှာ တတိယဆုကို ရရှိပြီးတဲ့ နောက် ထိုင်းအစိုးရရဲ့ နိုင်ငံသားဖြစ်ခွင့်ပေးမယ်ဆိုတဲ့ ကတိကိုရရှိခဲ့တာဖြစ်ပါတယ်။
ဒီလိုအောင်မြင်မှုကို ရရှိပြီးတဲ့ နောက်မှာ Mong ကို ထိုင်းနိုင်ငံက ချီးမွမ်းမှုတွေ ပြုလုပ်ပေးခဲ့ပြီး အစိုးရရဲ့ နိုင်ငံသား ဖြစ်ခွင့်ပေးမယ်ဆိုတဲ့ ကတိကို လွယ်လင့်တကူ ရခဲ့ပါတယ်။ ဒါပေမယ့် ၁၂ နှစ်အရွယ်မှာ ရရှိခဲ့တဲ့ ဒီကတိဟာ အမေ့လျော့ခံ ဖြစ်နေခဲ့တာ ၉ နှစ်ကြာခဲ့ပါပြီ။ အရွယ်ရောက်လာပြီဖြစ်တဲ့ Mong ဟာ ထိုင်းနိုင်ငံသားဖြစ်ခွင့် အိပ်မက်ကို အခုထိ မက်နေဆဲပဲ ဖြစ်ပါတယ်။
မကြာသေးခင်က Thai PBS က ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတခုမှာ Mong ဟာ ပြည်သူတွေရဲ့ စိတ်ဝင်စားမှုကို ပြန်လည်ရရှိခဲ့ ပါတယ်။ သူက နိုင်ငံသားဖြစ်ခွင့်ကို စောင့်မျှော်နေတာ ကြာပြီဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။
ဒါပေမယ့် သူဟာ ဒီနိုင်ငံသားဖြစ်ခွင့်အရေးကို ကိုယ်တိုင်တော့ ပါဝင်လှုပ်ရှားခြင်းမရှိခဲ့ဘူးလို့လည်း ဝန်ခံပြောဆိုခဲ့ပါတယ်။
ထိုင်းနိုင်ငံရဲ့ ဥပဒေအရ နိုင်ငံမဲ့နေထိုင်ခြင်းဆိုတာ တရားမဝင် ဝင်ရောက်လာသူ အားလုံးအတွက် ဖြစ်ပြီး အဲ့ဒီသူတွေဟာ ထိုင်းနိုင်ငံအတွက် အကျိုးရှိမယ့် တစုံတရာကို ပြုလုပ်နိုင်ခဲ့ရင် နိုင်ငံသားဖြစ်ခွင့်ကို ပေးရမယ်လို့ ပါရှိပါတယ်။ Mong ဟာ ထိုင်းနိုင်ငံမှာ မွေးဖွားပြီး နိုင်ငံမဲ့ ဖြစ်နေသူ ထောင်ပေါင်းများစွာထဲက တဦးဖြစ်ပါတယ်။
ဒီလို နိုင်ငံမဲ့အဖြစ် သတ်မှတ်ခံရသူတွေဟာ ထိုင်းနိုင်ငံအတွင်း လွတ်လပ်စွာသွားလာခွင့်၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပညာရေးအထောက်အပံ့တွေ မရရှိနိုင်ပါဘူး။
Mong ဟာ သူ့ဆရာတွေရဲ့ အကူအညီနဲ့ ထိုင်းနိုင်ငံအမျိုးသား ဥယျာဉ်ရဲ့ သိပ္ပံနဲ့နည်းပညာ ဝန်ကြီးဌာနမှာ သစ်တောထိန်းသိမ်းရေးနဲ့ Drones ပြုပြင်ထိန်းသိမ်းရေးဌာနတွေမှာ တာဝန်ထမ်းဆောင်နေကြောင်း အသိအမှတ်ပြုလက်မှတ်တွေ ရရှိထားပြီး တခြားဌာနတွေမှာလည်း ဝင်ရောက်ဆောင်ရွက်ကြောင်း လက်မှတ်တွေ ရရှိဖို့ စောင့်စားနေတယ်လို့ Thai PBS မှတဆင့် ပြောဆိုထားပါတယ်။
ဒါ့အပြင် Mong ဟာ ချင်းမိုင်မှာရှိတဲ့ Maung ခရိုင် Ban Huay Sai ကျောင်းမှာ ကျောင်းသားတွေကို စက္ကူလေယာဉ် ခေါက်နည်းပညာကို သင်ကြားပေးနေပြီး ထိုင်းနိုင်ငံမှာ ဒီလ ၂၈ ရက်နေ့မှာ ကျင်းပမယ့် National Paper Plane ပြိုင်ပွဲအတွက် ပြင်ဆင်ပေးနေတယ်လို့လည်း သိရပါတယ်။
မကြာသေးခင်က ဂူထဲမှာ ပိတ်မိနေတဲ့ တောဝက်အသင်းသားများထဲမှာ ဆရာအပါအဝင် ကလေးသုံးယောက်ဟာလည်း နိုင်ငံမဲ့ ဖြစ်နေခဲ့ပေမယ့် သူတို့ဟာ နိုင်ငံသားဖြစ်ခွင့်ကို ယခင်အပတ်က ရရှိခဲ့ပြီဖြစ်ပါတယ်။
သူတို့ကို Mong ဟာ ဂုဏ်ပြုစာပေးပါသေးတယ်။ ဒါ့အပြင် Mong က သူကိစ္စဟာ တောဝက်အသင်းသားတွေထက် ပိုပြီး ရှုပ်ထွေးတာကြောင့် ကြာနေတာဖြစ်မယ်လို့ ယူဆထားပါတယ်။ Mong ဟာ ထိုင်းနိုင်ငံကို တရားမဝင်အလုပ်လုပ်ကိုင်ဖို့ လာရောက်ခဲ့တဲ့မြန်မာနိုင်ငံသား မိဘ၂ ပါးက ထိုင်းနိုင်ငံမှာ မွေးဖွားခဲ့တာဖြစ်တာကြောင့် ထိုင်းလူမျိုးမိဘကမွေးဖွားခဲ့တဲ့ တောဝက်အသင်းသားတွေလောက် သူအနေနဲ့ မလွယ်ကူတာဖြစ်တယ်လို့ ဆိုပါတယ်။
သူရဲ့နိုင်ငံသားဖြစ်ခွင့်ကို အစိုးရအုပ်ချုပ်ရေးဌာနက ပြုလုပ်ပေးနေပြီး Mong ကိုယ်တိုင်ကလည်း နောက်တပတ်မှာ နိုင်ငံသားဖြစ်ခွင့်ကို ရရှိလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ သူဟာ ထိုင်းနိုင်ငံသားဖြစ်ခွင့်ကို စောင့်စားနေတာ ၉ နှစ် ကျော်ခဲ့ပါပြီ ဖြစ်ပါတယ်။
Ref;thaipbs.com