အိန္ဒိယလူမျိုးအများစုဟာ ရှေးရိုးစွဲဆန်ကြပြီး သူတို့ရဲ့ တချို့သော ယုံကြည်မှုတွေဟာ သိပ္ပံနည်းကျပြောမယ်ဆိုရင် အထူးတဆန်းနိုင်တယ်လို့ဆိုရပေမယ့် အခုထက်တိုင် ယုံကြည်နေကြသေးတဲ့ စိတ်ဝင်စားဖွယ် ထူးထူးဆန်းဆန်း ယုံကြည်မှုတွေအကြောင်းကို ဗဟုသုတအနေနဲ့ ဖော်ပြပေးလိုက်ပါတယ်။
(၁) ကလေးငယ်တွေ လဲလျောင်းအိပ်စက်နေတဲ့အခါ အပေါ်ကနေ ခွကျော်သွားခြင်းဟာ အဲဒီကလေးငယ်ရဲ့ ကြီးထွားဖွံဖြိုးမှုကို နှောင့်နှေးစေနိုင်တယ်လို့ အိန္ဒိယလူမျိုးတွေက ယုံကြည်ကြပါတယ်။
(၂) အိမ်တံစက်မြိတ်မှာ သံပုရာသီးတလုံးနဲ့ ငရုတ်သီးခုနှစ်တောင့်တို့ကို ပူးတွဲချည်နှောင်ပြီး ချိတ်ဆွဲထားခြင်းဟာ မကောင်းဆိုးဝါးတွေ အိမ်အနားကိုမကပ်နိုင်ဘူးလို့ အိန္ဒိယလူမျိုးအများစုက ယုံကြည်ကြပါတယ်။
(၃) သွားရင်းလာရင်း လမ်းမှာ ကြောင်အနက်တကောင်ကို တွေ့မြင်ရခြင်းဟာ အဲဒီနေ့အတွက် ကံမကောင်းဘူးလို့ အိန္ဒိယလူမျိုးတွေက ယူဆကြပါတယ်။ ကြောင်အနက်ဟာ အိန္ဒိယမှာတော့ မကောင်းဆိုးဝါးတိရစ္ဆာန်တကောင်လို့ ယုံကြည်ကြလို့ပဲ ဖြစ်ပါတယ်။
(၄) အိမ်ကနေ အပြင်ကိုသွားတော့မယ်သူတယောက်ကို ဘယ်သွားမှာလဲလို့ မေးတာဟာ အမေးခံရသူအတွက် တနေ့တာမှာ အနှောင့်အယှက်တွေပဲ ကြုံနိုင်တယ်လို့ ရှေးရိုးစွဲ အိန္ဒိယလူမျိုးအများစုက ယုံကြည်ကြပါတယ်။
(၅) လူထူထပ်တဲ့နေရာရောက်လို့ပဲဖြစ်ဖြစ်၊ နေမကောင်းလို့ပဲဖြစ်ဖြစ် နှာချေတာဟာ အထူးတဆန်းတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အိန္ဒိယနိုင်ငံမှာတော့ နှာချေတာကို ကျက်သရေမရှိဘူးလို့ ယူဆကြပြီး လူကြားထဲမလုပ်သင့်တဲ့အရာလို့လည်း ယုံကြည်ကြပါတယ်။
(၆) ရာသီလာနေတဲ့အမျိုးသမီးတွေကို အိန္ဒိယမှာတော့ မီးဖိုချောင်ကို ဝင်ခိုင်းလေ့မရှိသလို မိသားစုတွေစားသောက်ဖို့ ပြင်ဆင်ပေးရတာမျိုးကိုလည်း လုပ်ခွင့်မပြုကြပါဘူး။ အမျိုးသမီးတွေ ရာသီလာတာဟာ ယုတ်ညံ့ပြီး ညစ်ပတ်တဲ့ကိစ္စတခုဖြစ်တယ်လို့ အိန္ဒိယလူမျိုးတွေက အခုတိုင်ယုံကြည်နေကြပါသေးတယ်။
Ref. hlifetippr.com