ဆိုရှယ်မီဒီယာဟာ လူတွေရဲ့ နေ့စဉ်လူမှုဘဝမှာ ကြီးမားတဲ့ အစိတ်အပိုင်းတခုလို့ ဆိုနိုင်ပြီး မရှိမဖြစ် အရေးပါတဲ့ ကြားခံနယ်တခုလည်း ဖြစ်ပါတယ်။ ဆိုရှယ်မီဒီယာကို အများဆုံး အသုံးပြုကြသူတွေဟာ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေပဲ ဖြစ်ကြပြီး စစ်တမ်းတွေအရ ဆိုရင် ဆယ်ကျော်သက်အများစုဟာ တနေ့မှာ ၈ နာရီခန့် အွန်လိုင်း အသုံးပြုရင်း အချိန်ကုန်ဆုံးကြတယ်လို့ သိရပါတယ်။
ဆိုရှယ်မီဒီယာ အသုံးပြုခြင်းကြောင့် အကျိုးကျေးဇူးတွေလည်း များစွာရှိသလို အခုနောက်ပိုင်းမှာ အဖြစ်များလာတာ တခုကတော့ “Cyber Bullying” ဆိုတဲ့ အင်တာနက်ပေါ်ကနေ အနိုင်ကျင့်စော်ကားမှုပဲ ဖြစ်ပါတယ်။
ဆိုရှယ်မီဒီယာကို အသုံးပြုမှုများလာတာနဲ့အမျှ ဆိုရှယ်မီဒီယာတွေကနေတဆင့် ခြိမ်းခြောက်တဲ့ အီးမေးလ်တွေ၊ ဓာတ်ပုံတွေနဲ့ ဗီဒီယိုဖိုင်တွေပေးပို့မှုကြောင့် စိတ်ဓာတ်ကျပြီး ကိုယ့်ကိုယ်ကို သတ်သေသွားကြတဲ့ ဆယ်ကျော်သက်နဲ့ လူငယ်တွေဟာ တနှစ်ထက် တနှစ် ပိုမိုများပြားလာတယ်လို့ စစ်တမ်းတွေအရ သိရပါတယ်။
အခုနောက်ပိုင်းမှာဆိုရင် တချို့သောသူတွေဟာ မိမိကိုယ်တိုင် Cyber Bullying လုပ်မှန်း မသိ လုပ်နေမိတတ်တာမျိုးလည်း ရှိပါတယ်။ Cyber Bullying ပြုလုပ်နေသူကို ထောက်ခံတဲ့ Review တွေရေးသားခြင်းနဲ့ Comment တွေပေးခြင်းဟာလည်း လုပ်မှန်း မသိ လုပ်နေတဲ့ Cyber Bullying ပဲ ဖြစ်ပါတယ်။
သုတေသန စစ်တမ်းတွေအရ Cyber Bullying ပြုလုပ်သူ အများစုဟာ ပြင်ပမှာ မပြုလုပ်ရဲတဲ့ အပြုအမူနဲ့ ပြောဆိုမှုမှန်သမျှကို ဆိုရှယ်မီဒီယာတွေပေါ်မှာ အတိုးချပြီး ပြောဆို ပြုမူကြသူတွေပဲ ဖြစ်ပါတယ်။
၂၀၁၇ ခုနှစ်ရဲ့လေ့လာချက်တွေအရဆိုရင် ဆိုရှယ်မီဒီယာ အသုံးပြုသူ လူ ၁၀ ယောက်မှာ ၁ ယောက်ခန့်ဟာ Cyber Bullying ပြုလုပ်ခံရပြီး ဒါဟာ ပြင်ပလောကမှာ အနိုင်ကျင့် စော်ကားတာထက် ပိုမိုဆိုးရွားတယ်လို့လည်း သုတေသီတွေက ပြောဆိုထားပါတယ်။
စိတ်ပညာရှင်တွေရဲ့ အဆိုအရ Cyber Bullying ပြုလုပ်ခံရခြင်းဟာ ဆယ်ကျော်သက်တွေနဲ့ လူငယ်တွေသာမက အောင်မြင်ကျော်ကြားတဲ့ အနုပညာရှင်တွေအထိပါ ခံစားနေတာမျိုးတွေ ရှိတယ်လို့ ဆိုပါတယ်။
Cyber Bullying ပြုလုပ်ခြင်းဟာ အနိုင်ကျင့်ခံရသူရဲ့ စိတ်ပိုင်းဆိုင်ရာကို ဆိုးဆိုးရွားရွား ထိခိုက်စေနိုင်ပြီး လူ့ပတ်ဝန်းကျင်မှာ အမုန်းပွားစေတဲ့ အပြုအမူဖြစ်တာကြောင့် နိုင်ငံတကာမှာ Cyber Bullying ကို အင်မတန်မှ ကောက်ကျစ်ဆိုးရွားလှတဲ့ အပြုအမူအဖြစ် သတ်မှတ်ထားကြတာပဲ ဖြစ်ပါတယ်။
ဆက်စပ် သတင်းလင့်ခ် – Cyber Bullying ပြုလုပ်သူများကို လျစ်လျူရှုဖို့ ဆိုလိုက်တဲ့ ကျော်ထက်အောင်
Ref ; au.reachout.com/articles/what-is-cyberbullying