ဒီနေရာမှာ မူးယစ်ဆေးဝါးဆိုတာ “မယ်ရီဝါးနား” (marijuana) လို့ ခေါ်တဲ့ ဆေးခြောက်ကိုပဲ အဓိကထားပြီး ပြောချင်ပါတယ်။ အခုတလော မြန်မာပြည်က အနုပညာရှင်တွေ တော်တော်များများ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှု နဲ့ ဖမ်းဆီးခံနေရတာကို တွေ့မြင်နေရပါတယ်။
မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိမှုက ပြစ်မှု မသေးပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်မှာ မူးယစ်ဆေးဝါး တရာဝင် သုံးခွင့်ရှိတဲ့ နိုင်ငံများကို ဖော်ပြပေးချင်ပါတယ်။
အဲဒီ နိုင်ငံတွေမှာ တရားဝင်သုံးခွင့် ပေးထားတယ် ဆိုပေမယ့်လည်း သုံးစွဲသူများက သူ့ Limit နဲ့သူ စည်းကမ်းတကျ သုံးကြတာ ဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ Limit ကို ကျော်လွန်အောင် သုံးစွဲသူတွေကိုလည်း ထိထိရောက်ရောက် အရေးယူတဲ့ ဥပဒေတွေ ရှိပါတယ်။
(၁) ပေါ်တူဂီ
မူးယစ်ဆေးဝါး အားလုံးကို တရားဝင်သုံးစွဲလို့ ရတဲ့ နိုင်ငံကတော့ ပေါ်တူဂီ တနိုင်ငံပဲ ရှိပါသေးတယ်။ ပေါ်တူဂီနိုင်ငံမှာ ဆေးခြောက်၊ ကိုကင်း၊ ဘိန်းဖြူစတာတွေကို သုံးခွင့် ရှိနေပါပြီ။ တကိုယ်ရည်သုံးဖို့၊ ကျန်းမာရေးအရသုံးဖို့ စတဲ့ ရည်ရွယ်ချက်တွေနဲ့ ၂၀၀၁ ခုနှစ်မှာ စတင်ပြီး ခွင့်ပြုခဲ့တာ ဖြစ်ပါတယ်။
(၂) ကနေဒါ
ကနေဒါနိုင်ငံမှာတော့ ဆေးခြောက်ကလွဲလို့ ကျန်တဲ့ မူးယစ်ဆေးဝါးကို သုံးစွဲရင်တော့ ပြစ်ဒဏ်တွေ ရှိပါတယ်။ ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့် ပေးထားပြီး တရားဝင် ရောင်းချတဲ့ ဆိုင်တွေလည်း ရှိပါတယ်။ စိုက်ပျိုးသူတွေဟာ အစိုးရဆီက လိုင်စင်နဲ့ စိုက်ပျိုးရတာ ဖြစ်ပါတယ်။
(၃) အမေရိကန်
အမေရိကန်နိုင်ငံမှာ မြို့နယ်တချို့မှာ တရားဝင် ဆေးခြောက်သောက်ခွင့် ရှိနေပေမယ့် တချို့ မြို့နယ်တွေကတော့ ဒါကို လက်မခံကြသေးပါဘူး။ သင်ဟာ ဆေးခြောက် အနည်းအကျဉ်းကို လက်မှာ ကိုင်ဆောင်ထားလို့ရပေမယ့် သတ်မှတ် ပမာဏထက် ကျော်လွန်သွားရင်လည်း ဖမ်းခံရနိုင်ပါတယ်။
(၄) ဂျမေကာ
ဂျမေကာနိုင်ငံမှာတော့ ဆေးခြောက်ကို တရားဝင်သောက်ခွင့်ရှိတာ ၂၀၁၅ ခုနှစ် ကတည်းက ဖြစ်ပါတယ်။ ကမ္ဘာ့အကောင်းဆုံး ဆေးခြောက်တွေ ထွက်တဲ့ နေရာလို့ သတ်မှတ်ထားပြီး ဂျမေကာ နိုင်ငံသားတိုင်း နီးပါး သောက်ကြတယ်လို့ ဆိုပါတယ်။ ဂီတပွဲတော်နဲ့ ဆေးခြောက်သောက်ပွဲ စတဲ့ပွဲတွေကိုလည်း ကျင်းပလေ့ရှိပါတယ်။
(၅) အီကွေဒေါ
ဒီနိုင်ငံကတော့ ဇိမ်အခံတတ်ဆုံးနိုင်ငံလို့တောင် သတ်မှတ်လို့ရပါတယ်။ ဆေးခြောက် တရားဝင်သောက်ခွင့် ရှိပေမယ့် စိုက်ခွင့်နဲ့ ရောင်းချခွင့်တော့ မရှိပါဘူး။ ဒါပေမယ့် သင့်လက်ထဲမှာ ၁၀ ဂရမ် မကျော်မချင်း ကိုင်ဆောင် သွားလာခွင့်ရှိတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။
ဒီလို တရားဝင်သောက်ခွင့်ရှိတယ်လို့ သတ်မှတ်ထားတဲ့ နိုင်ငံတွေ ရှိသလို မူးယစ်ဆေးဝါး သုံးစွဲသူတွေကို ကြီးမားတဲ့ ပြစ်ဒဏ်တွေ ချမှတ်လေ့ရှိတဲ့ နိုင်ငံတွေလည်းရှိပါတယ်။
ဖိလစ်ပိုင်နိုင်ငံမှာဆိုရင် မူးယစ်ဆေဝါးသုံးစွဲသူ ရောင်းချသူနဲ့ ဖြန်ချိသူတွေကို တခါတည်း သေနတ်နဲ့ ပစ်သတ်တဲ့အတွက် မကြာသေးခင်နှစ်များက နိုင်ငံသားပေါင်း ၁၂၀၀၀ ကျော် သေဆုံးခဲ့ပါတယ်။
မြန်မာနိုင်ငံဟာလည်း ယခုလမှ စတင်ပြီးတော့ မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူတွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။ ကမ္ဘာပေါ်မှာ မူးယစ်ဆေးဖြန့်ချိမှု အမြင့်ဆုံးနိုင်ငံ ဖြစ်တဲ့ မြန်မာနိုင်ငံမှာ မူးယစ်ဆေးဝါးကို ထိထိမိမိ ထိန်းချုပ်နိုင်မလားဆိုတာ လူတိုင်းက စိတ်ဝင်စားနေကြပါတယ်။
Ref;thrilist.com